ဆွမ်ပရာဘွမ် စက်တင်ဘာ ၈
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မိုးရာသီ အမျိုးသားအလွတ်တန်း ဘောလုံး အားကစားယှဉ်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီခွဲက မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ဖွင့်ပွဲအမှာစကားပြောကြားပြီး အား/ကာကော်မတီဝင်များ၊ တာဝန်ရှိသူ ဒိုင်အဖွဲ့များက ယှဉ်ပြိုင်ကစားရမည့် သတ်မှတ်ရက်များအတွင်း၌ လိုက်နာရမည့် စည်းကမ်းချက်များကို အသီးသီးရှင်းလင်းပြောကြားသည်။
အဆိုပါ အမျိုးသားအလွတ်တန်း ဘောလုံးကစားယှဉ်ပြိုင်ပွဲကို မြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်စုများကို အခြေခံ၍ လူငယ်များအားကစားကို ပိုမိုစိတ်ဝင်စားလာပြီး စိတ်ဓာတ်ခန္ဓာ ပိုမိုကျန်းမာကြံ့ခိုင်လာစေရန်၊ လူငယ်များ အားကစားကိုစိတ်ပါဝင်စားလာပြီး မူးယစ်ဆေးဝါးများကို ရှောင်ရှားလာနိုင်စေရန်နှင့် မြို့နယ် ဂုဏ်ဆောင် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲကို စက်တင်ဘာလ(၇)ရက်နေ့မှ (၁၉)ရက်နေ့အထိ အားကစားအသင်း(၅)သင်းဖြင့် ပါဝင်ယှဉ်ပြိုင်ကစားသွား မည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဖွင့်ပွဲအခမ်းအနားအနေဖြင့် ကညာပျိုအသင်းနှင့် ဇရာအိုအသင်းတို့ ယှဉ်ပြိုင်ကြပြီး အမျိုးသား အလွတ်တန်း ကဘရန်ခူးအသင်း နှင့် ဝါစပ်ခူးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ (၃)ဂိုးသရေဖြင့် ကစားခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အခြေခံပညာကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားအသင်းသားများ၊ ကွင်းလယ် ဒိုင်များနှင့် စည်းကြပ်ဒိုင်များ၊ ရပ်ကွက်နေပြည်သူများက ပါဝင်အားပေးခဲ့ကြကြောင်း သိရသည်။
ဧပရယ်မိုး(ဆွမ်ပရာဘွမ်)