မိုးညှင်းဂေါက်ကလပ်၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

မိုးညှင်း စက်တင်ဘာ  ၃

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် မိုးညှင်းဂေါက်ကလပ် ဂေါက်သီး ရိုက်သူများအဖွဲ့(Golfer)နှင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများမှ ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၇)နာရီက ဂေါက်ကလပ်ကွင်း၌ အရိပ်ရနှစ်ရှည်ပင် (၄၀၀) စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

အဆိုပါ နှစ်ရှည်ပျိုးပင်များ စိုက်ပျိုးရာတွင် သစ်တောသယံဇာတများရေရှည်တည်တံ့ခိုင်မြဲစေရန်၊ ဂေဟစနစ်ထိန်းသိမ်းနိုင်စေရန်၊ သဘာဝပတ်ဝန်းကျင်များ စိမ်းလမ်းစိုပြေစေရန်၊ ဂေါက်ကွင်းတွင် အများပြည်သူများ အပန်းဖြေနိုင်စေရန်နှင့် လေကောင်းလေသန့်များ ရရှိစေရန်ရည်ရွယ်၍ မိုးညှင်းတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးကြီး ဝသုန်စိုး၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ မိုးညှင်းတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းနှင့် ဆရာ၊ ဆရာမများ၊ မိုးညှင်းဂေါက်ကလပ်မှ ဂေါက်သီးရိုက်သူများအဖွဲ့(Golfer)နှင့် ဝန်ထမ်းများက သတ်မှတ်နေရာများ အသီးသီးတွင် အရိပ်ရနှစ်ရှည်ပင်များဖြစ်သည့် မြို့နယ်သစ်တောဦးစီးဌာနမှ ပျိုးပင် (၂၀၀)၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပျိုးပင် (၁၅၀)နှင့် မိုးညှင်းဂေါက်ကလပ်မှ ပျိုးပင် (၅၀) စုစုပေါင်းပျိုးပင် (၄၀၀)ကို တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသည့် မိုးညှင်းတပ်နယ်မှ တပ်နယ်မှူး၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက စုပေါင်းသစ်ပင်စိုက်ပျိုးမှု အခြေအနေများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း(ပြန်/ဆက်)