မချမ်းဘော စက်တင်ဘာ ၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့၌ မိခင်နှင့် ကလေးကျန်းမာရေးဌာနက မွေးစမှအသက်(၂)နှစ် အောက် ကလေးငယ်များအား လစဥ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကလေးများ ကျန်းမာသန်စွမ်းစွာ ကြီးပြင်းလာနိုင်ရေး အသိပညာပေးခြင်းကို ယနေ့ နံနက် (၉)နာရီတွင် အဆိုပါဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကလေးများကျန်းမာသန်စွမ်းစွာ ကြီးပြင်းလာရေးအတွက် အသိပညာပေးခြင်း ဆောင်ရွက်ရာတွင် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးကြီးကြပ်-၂ က အသက် ၆ လ အထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးရန်၊ လအလိုက် ထိုးနှံရမည့် ကာကွယ်ဆေးများကိုလည်း မပျက်မကွက် ထိုးနှံကြရန်နှင့် ဖြည့်စွက်စာ ကျွေးမွေးသည့် အချိန်တွင်လည်း အဓိကကျသည့် အစာအုပ်စုကြီး (၃)စုကို စနစ်တကျ ပါဝင်အောင် ကျွေးမွေးကြရန်တို့ကို အသိပညာပေးပြောကြားပြီး ဆေးထိုးဆေးတိုက် ဆောင်ရွက်ခဲ့ရာမွေးစမှ (၂)လ၊ (၄)လ၊ (၆)လ၊ (၉)လနှင့် တစ်နှစ်ခွဲ ကလေးငယ်များအား ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ) ၊ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင် အသားဝါ(ဘီ)-ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်၊ ဂျိပ်သိုး၊ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးများကို အသက်အရွယ်အလိုက် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထအကြိမ်အဖြစ် ကာကွယ်ဆေး ထိုးခြင်း ဆေးတိုက်ခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆေးထိုးဆေးတိုက်ခြင်းကို မြို့ပေါ် (၄)ရပ်ကွက်နှင့် ကျေးရွာများမှ ကလေးများအား လစဥ်လဆန်း (၁)ရက် နေ့နှင့်(၂)ရက်နေ့များတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော့)