မြစ်ကြီးနား စက်တင်ဘာ ၂
ကချင်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြည်နယ်ဖူဆယ်ဆပ်ကော်မတီတို့ ပူးပေါင်း စီစဉ်ကျင်းပသည့် Y.F.T (Youth Future Treasure) FC အသင်းမိတ်ဆက်ပွဲနှင့် ကလပ် ပေါင်းစုံ အမျိုးသားအလွတ်တန်း ဖူဆယ်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၈ နာရီခွဲက မြစ်ကြီးနားမြို့ ငြိမ်းချမ်း သာယာ ဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်အားပေးသည်။
ရှေးဦးစွာ Y.F.T (Youth Future Treasure) FC ဖူဆယ်ဘောလုံးအသင်း ပိုင်ရှင်က အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် အကြီးတန်း/ အငယ်တန်းကစားသမားများအား မိတ်ဆက်ကာ အသင်းတည်ထောင်ရ ခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်၏ ဖူဆယ်အားကစားတိုးတက်မြင့်မားရေး၊ မျိုးဆက်သစ်လူငယ်ကစားသမားများ မွေးထုတ်ပေးနိုင်ရေး အတွက် ယခုလို အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သို့မှသာ ပြည်နယ် ၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မား လာရုံသာမက ပြည်နယ်အတွက် ကျန်းမာသန်စွမ်းပြီး စွမ်းရည်ပြည့်ဝသော လူငယ်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်လူမှုရေးရာ ဝန်ကြီး ဦးဝင်းရဲထွန်းက အကအဖွဲ့များ အတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ကာ အဖွင့် ပွဲစဉ်အဖြစ် Y.F.T FC အကြီးတန်းအသင်းနှင့် အငယ်တန်းအသင်းတို့၏ ယှဉ်ပြိုင် ကစားမှုကို အားပေးကြည့်ရှုခဲ့ကြသည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ သြဂုတ် ၃၁ ရက်နေ့ ညနေပိုင်းကလည်း အဆိုပါ အားကစားရုံ၌ မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်း လူငယ်ဌာနမှ ကြီးမှူးကျင်းပသည့် ဒုတိယအကြိမ်မြောက် မျိုးနွယ်စုအလိုက် အမျိုးသား/အမျိုးသမီး ဖူဆယ် ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ဗိုလ်လုပွဲစဉ် အဖြစ် ဂျိန်းဖောနှင့် ရဝမ် အမျိုးသားအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲကျင်းပ ပြုလုပ်ခဲ့သည့် လူငယ်ဌာနအတွက် ချီးမြှင့်ငွေ ကျပ်သိန်း ၂၀ ကိုလည်းကောင်း၊ ပြိုင်ပွဲကျင်းပရေးအဖွဲ့ မှ ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီခဲ့သူများအား ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်း လွှာများကို လည်းကောင်း၊ မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပထမ၊ ဒုတိယနှင့် တတိယဆုရ အမျိုးသမီးအသင်းများအားလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြု ဆုငွေများကို ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးများက ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုများ၊ ဒုတိယဆုရ အမျိုးသားအသင်းများအား ဂုဏ်ပြုဆု တံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရအမျိုးသားအသင်းအတွက် တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်၊ ချီးမြှင့် ငွေနှင့် ဆုဖလားတို့အား လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်