မြစ်ကြီးနား စက်တင်ဘာ ၁
ကချင်ပြည်နယ်အတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် သြဂုတ်လအထိ ၁၁၁ ကြိမ်ဆောင်ရွက်နိုင်ခဲ့သည့်အပြင် သန့်ရှင်း၍ စိမ်းလန်း စိုပြေသောကျောင်းများ အစီအစဉ်တွင် အာဆီယံပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ညီညွတ်သော ကျောင်းဆုကို ရရှိခဲ့ကြောင်း သြဂုတ် ၃၁ ရက် မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်သည့် ပြည်နယ် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ၏ တတိယအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး မှသိရှိရသည်။
အဆိုပါ အစည်းအဝေးတွင် ပြည်နယ်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ကချင်ပြည်နယ်အတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်သည့်နေရာတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဟန်ချက်ညီညီပေါင်းစပ်နိုင်ရေးသည် အရေးကြီးသည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူး ဦးအောင်ခိုင်စိုးနှင့် ကော်မတီအဖွဲ့ဝင်များ ပထမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဒုတိယအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်း များနှင့် စပ်လျဉ်း၍ ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။
ကချင်ပြည်နယ် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ အနေဖြင့် ပြည်နယ် အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အသိပညာပေးလုပ်ငန်းများကို ၁၇၃ ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီး ယခုနှစ် သြဂုတ်လအထိ ၁၁၁ ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပြီး သန့်ရှင်း၍ စိမ်းလန်းစိုပြေ သော ကျောင်းများအစီအစဉ် ဝင်ရောက်ယှဉ်ပြိုင်မှုတွင်လည်း အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်း(မြစ်ကြီးနား)အနေဖြင့် ပြည်နယ်အထက်တန်းအဆင့် ပထမဆု၊ အမျိုးသားအဆင့် သန့်ရှင်း ၍စိမ်းလန်းစိုပြေသောကျောင်းအစီအစဉ်(အထက်တန်းအဆင့်)တွင် ပထမဆုထပ်မံရရှိခဲ့သည့် အပြင် လာအိုနိုင်ငံတွင် ကျင်းပပြုလုပ်သည့် အာဆီယံပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ညီညွတ်သောကျောင်း ဆု ASEAN ECO -School Award ဆုကိုလည်း ရရှိခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)