မြစ်ကြီးနား သြဂုတ် ၃၁
ကချင်ပြည်နယ်အတွင်း ကာယကံရှင်အမှန်နေထိုင်သည့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆) အား ရွေးချယ်အတည်ပြုနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီခွဲ က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံအတွင်း အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပပြုလုပ် နိုင်ရေးနှင့် မဲစာရင်းမှန်ကန်တိကျစေရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မိမိတို့ကချင်ပြည်နယ်အတွင်း မြို့နယ်အလိုက် အိမ်ထောင်စုလူဦးရေစာရင်း နေရာတစ်ခုထက် ပိုမိုပါဝင်နေသူ (၂၆၀၀၀၀) ကျော်အား အိမ်ထောင်စုတစ်ခုတွင်သာ စာရင်းပါရှိရန်နှင့် မလိုအပ် သော ထပ်နေသည့် စာရင်းများအား ပယ်ဖျက်နိုင်ရေး စိစစ်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ တစ်နေရာထက် ပိုမိုပါဝင်လျက်ရှိ သော လူဦးရေစာရင်းများကို တစ်နေရာတည်းတွင်သာ အတည်ပြုနိုင်ရေး ကာယကံရှင်၏အတည်ပြုမှုပုံစံဖြင့် ဆောင်ရွက်နိုင် ရေး သတ်မှတ်စာ/ ဇယားပုံစံများ ဖြန့်ဝေအတည်ပြုနိုင်ရေး အားလုံးပူးပေါင်းဆောင်ရွက်မှုဖြင့် အောင်မြင်အောင် ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း တိုက်တွန်းမှာ ကြားသည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဝင်းရဲထွန်းက ကာယကံရှင်အမှန် နေထိုင်သည့် အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ(၆၆/၆) အား စိစစ် အတည်ပြုဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းစဉ်များ အောင်မြင်အောင်ဆောင်ရွက်နိုင်ရန် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်