မြစ်ကြီးနားတက္ကသိုလ်၌ တတိယအကြိမ်‌ လူငယ်စကားဝိုင်း ကျင်းပ

မြစ်ကြီးနား ဩဂုတ် ၂၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်၊ ဗဟိုခန်းမ၌ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ တတိယကြိမ် လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြစ်ကြီးနားတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာ အေးအေးသန့်က အဖွင့်အမှာစကားပြောကြားပြီး ကချင်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးလှဌေးက ကျောင်းသား/ကျောင်းသူများအနေဖြင့် အသိဉာဏ်ပညာ ဗဟုသုတများ ပိုမိုရရှိစေရန်၊ စကားပြောအတတ်ပညာကျွမ်းကျင် တတ်မြောက်၍ လူအများရှေ့တွင် ရဲဝံ့စွာ စကားပြောဆိုတက်စေရန်၊ လူငယ်အချင်းချင်း တစ်ဦးနှင့်တစ်ဦး အသိပညာဗဟုသုတ ဖလှယ်ကြရာမှ အတွေ့အကြုံသစ်များ ရရှိစေရန်၊ လူငယ်အချင်းချင်း ရင်းနှီးချစ်ကြည်မှုများ တိုးပွားပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေး  စိတ်အားထက်သန်စွာ ကြိုးပမ်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကျင်းပကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းအား ဆက်လက်ကျင်းပရာ အစီအစဉ်တင်ဆက်သူအဖြစ် ဒုတိယညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်က ဆောင်ရွက်ကာ မြစ်ကြီးနားတက္ကသိုလ်မှ ကျောင်းသား/ကျောင်းသူ (၅) ဦးတို့က လူငယ်နှင့် စာပေယဉ်ကျေးမှု၊ လူငယ်နှင့် Social Media၊ လူငယ်နှင့် တရားမျှတမှု၊ လူငယ်နှင့် ပရဟိတ၊ လူငယ်နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ခေါင်းစဉ်များဖြင့် ဆွေးနွေးပြောကြားခဲ့ရာ အစီအစဉ်တင်ဆက်သူမှ ဖြည့်စွက်ဆွေးနွေး‌ ပေးခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည့်များအား မေမြန်းကြရာ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသူများနှင့် အစီအစဉ်တင်ဆက်သူက ပြန်လည်ရှင်းလင်းဖြေကြားပေးပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးအောင်သူက မြစ်ကြီးနားတက္ကသိုလ်အတွက် အားကစားပစ္စည်းများနှင့် ပါဝင်ဆွေးနွေးကြ သူများအား ဆုတံဆိပ်များနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် မြစ်ကြီးနားတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာ ဇင်မာလတ်နှင့် တာဝန်ရှိသူများ၊ ပါဝင်ဆွေးနွေးသည့် ကျောင်းသား/သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှတ်တရ လက်ဆောင်ပစ္စည်းများ ချီးမြှင့် ပေးအပ်ခဲ့ကြသည်။

ခရိုင်(ပြန်/‌ဆက်)