ဆွမ်ပရာဘွမ် ဩဂုတ် ၁၇
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ကျန်းမာရေးဌာနနှင့် Health Poverty Action (HPA)အဖွဲ့ပူးပေါင်း၍ ငါးနှစ်အောက်ကလေးများအား အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားကို ဘန်ရူခန်းမ၌ ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၉ နာရီကကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးခင်မောင်မြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထွန်းဝင်းက အသက်(၅)နှစ်အောက်ကလေးငယ်များကို အာဟာရဖြစ်စေမည့် အစားအစာများနှင့် အိုင်အိုဒင်းဆား အသုံးဝင်ပုံအကြောင်းများကိုလည်းကောင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးအေးကျော့က မိခင်နှင့်ကလေးငယ်များအား မိတ်ဆက်စကားပြောကြားခြင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ မြို့နယ်ကျန်းမာရေးမှူးအဆင့်(၁) ဒေါ်ဂျေလုဂျာက အာဟာရဖွံ့ဖြိုးရေးလှုပ်ရှားမှု ရက်သတ္တပတ်များအဖြစ် ဩဂုတ်လ၏ ပထမရက်သတ္တပတ်ကို မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်၊ ဒုတိယရက်သတ္တပတ်ကို (၅)နှစ်အောက်နှင့် ကျောင်းနေအရွယ်ကလေးငယ်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ တတိယရက်သတ္တပတ်ကို ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်၊ စတုတ္ထရက်သတ္တပတ်ကို အိုင်အိုဒင်းချို့တဲ့မှုပပျောက်ရေး ရက်သတ္တပတ်များဖြင့် သတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် Health Poverty Action(HPA)အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက (HPA)၏ လုပ်ငန်းဆောင်ရွက်နေမှုအကြောင်းအရာများကိုလည်းကောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားကြသည်။
ထို့နောက် အခမ်းအနား၌ တက်ရောက်လာသော မိခင်များကိုယ်စားမိခင်(၅)ဦးက မိမိတို့ကလေးငယ်များအားပြုစုပျိုးထောင်ကျွေးမွေးခြင်း၊ အစာအာဟာရဖြည့်စွက်ကျွေးမွေးခြင်းတို့ကို မိမိတို့သိသမျှအမြင်များဖြင့် ပါဝင်ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍အသက် (၃)နှစ်အောက် ကလေးငယ်များအား ကိုယ်အလေးချိန် ချိန်ပေးခြင်း၊ အသက်(၃)နှစ်မှ(၅)နှစ်ကလေးများကို လက်မောင်းလုံးပတ်တိုင်းပေးခြင်း၊ သံချဆေးနှင့်ဗီတာမင်အေဆေးလုံးများ တိုက်ကျွေးခြင်း၊ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ မိခင်များနှင့်ကလေးငယ်များအား လက်ဆောင်ပစ္စည်းများပေးအပ်ကာ အာဟာရဖြည့် အစားအစာများ တိုက်ကျွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးမှူးနှင့်တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ Health Poverty Action(HPA)အဖွဲ့မှ တာဝန်ရှိသူများ၊ မိခင်များနှင့်ကလေးငယ်များတက် ရောက်ခဲ့ကြောင်း သိရသည်။
ဧပရယ်မိုး(ဆွမ်ပရာဘွမ်)