တနိုင်း သြဂုတ် ၁၀
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် မြို့နယ်ဌာနဆိုင်ရာများပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် အွန်းလိုင်းအသုံးပြု၍ ကာမလိမ်လည်မှုမဖြစ်ပွားစေရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း (ခွဲ)(လမုန်)ခန်းမ၌ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးယာယီရဲမှူးမြသောင်းမှ လူကုန်ကူးမှုတားဆီးကာကွယ်နိုင်ရေးအတွက် သိထားရမည့်အချက်များ၊ ကြိုတင်ကာကွယ်ရမည့်အချက်များ၊ ယနေ့ခေတ်တွင် Mobile Phone များဖြင့် ကာမလိမ်လည်မှုများ ဖြစ်ပွားနေမှုကြောင့် ကျောင်းသား/ကျောင်းသူများ ဖုန်းသုံးစွဲမှုလျော့ချရန်လိုကြောင်း၊ ကာမလိမ်လည်မှုနှင့်လူကုန်ကူးမှု ဥပဒေဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် မြို့နယ်ပညာရေးမှူး ဒေါ်ရွှေနယ်ဇိန်းက ကျောင်းသား/ ကျောင်းသူများ သိထားသင့်သည့် ကျောင်းစည်းကမ်းချက်များ၊ ကျောင်းပညာရေးနှင့် ပတ်သက်သည့်များအားမှာကြားပြီး တနိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထန်ခွီးအောင်က Online Media နှင့် ပတ်သက်၍ ရှောင်ကျဉ်ရမည့်အချက်များ ရှင်းလင်းပြောကြားကာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဦးက ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးများနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်း သိကောင်းစရာများကို ရှင်းလင်းဟောပြောခဲ့သည်။
ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့် ကျောင်းသား၊/ကျောင်းသူ (၄၂၅) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပန်းအိ(တနိုင်း)