အခြေခံနှင့် မွမ်းမံစက်ချုပ်နည်းပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ဗန်းမော် ဩဂုတ် ၇

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကကြီးမှူး၍ အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးပွားရေး ဆောင်ရွက်မည့် အခြေခံနှင့်မွမ်းမံစက်ချုပ်နည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ဗန်းမော်မြို့နယ် ခိုကျင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ဩဂုတ် ၇ ရက် နံနက် ၁၀ နာရီခန့်က ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းနိုင်က အခြေခံနှင့်မွမ်းမံစက်ချုပ်နည်းပညာသင်တန်းကို ကျေးလက်နေအတွင်းရှိ အမျိုးသမီးငယ်များမှစက်ချုပ်ဒီဇိုင်းနာကောင်းများပေါ်ထွက်လာစေရန်၊ကျေးလက်နေအမျိုးသမီးများ မှ စက်ချုပ်နည်းပညာကို အသုံးပြု၍ အထည်များကို ဒီဇိုင်းလှပ ခေတ်မီစွာဖန်တီး၍  ဈေးကွက်ဝင် အထည်များအဖြစ် ထုတ်လုပ်ရောင်းချနိုင်ရန်၊ ကျေးလက်နေအမျိုးသမီးများ တစ်ပိုင်တစ်နိုင်လုပ်ငန်း များ လုပ်ကိုင်လာပြီး အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်၊ ရပ်ရွာအခြေပြု အသက်မွေးဝမ်း ကျောင်းပညာရပ်ဖြင့် မိသားစုဝင်ငွေ တိုးပွားလာစေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သင်တန်းအဖွင့် အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ ဗန်းမော်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်တင်စိုးက သင်တန်းနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားခြင်းနှင့် ခိုကျင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်နေဝင်းက သင်တန်းတွင်အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများ ပေးအပ်ရာ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက လက်ခံရယူခဲ့သည်။

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးပွားရေး ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း(၇)ခု အနက်မှ အခြေခံနှင့်မွမ်းမံစက်ချုပ်နည်းပညာသင်တန်းကို  ခိုကျင်ကျေးရွာတွင် ကိုယ်ပိုင်လုပ်ငန်း ထူထောင်လိုသူ သင်တန်းသူ(၁၅)ဦးအား စက်ချုပ်နည်းပညာ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်း ကို (၇.၈.၂၀၂၃)ရက်နေ့မှ (၉.၁၀.၂၀၂၃)ရက်နေ့အထိ ဖွင့်လှစ် ပေးသွားမည်ဖြစ်ကြောင်းနှင့် စက်ချုပ်နည်းပညာသင်တန်းအား လုပ်ငန်းထူထောင်နိုင်သည်အထိ ကျွမ်းကျင်စွာ တတ်မြောက်နိုင်ရေး သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ် လုပ်ငန်းထူထောင်မည့် သင်တန်းသူ(၅)ဦးအား သတ်မှတ်ချက်နှင့်အညီရွေးချယ်ပြီး တစ်ဦးလျှင် ငွေကျပ် (၁၀)သိန်းနှင့် ညီမျှသော စက်ပစ္စည်းများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)