ပူတာအိုမြို့နယ် မုဒုံကျေးရွာ၌ အခြေခံနှင့်မွမ်းမံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ပူတာအို ဂုတ် ၇

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ အသေးစားကုန် ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးပွားရေးစီမံကိန်းပါ ဘေးဒဏ်သင့် ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ပေးရေးဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်ဖြင့် အခြေခံနှင့် မွမ်းမံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဂုတ်(၇)ရက် နံနက်(၁၀) နာရီက ပူတာအိုမြို့နယ် မုဒုံကျေးရွာ ဘက်စုံသုံးခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးခေါင်လန်ဒီးက နိုင်ငံတော်အစိုးရက ကျေးလက်နေပြည်သူများကို အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး ဝင်ငွေတိုးပွားစေရန် အကောင်အထည်ဖော်ဆောင်ရွက်သည့် စီမံကိန်းဖြစ်သည့်အတွက် သင်တန်းသူများအနေဖြင့် စိတ်ပါဝင်စားစွာ သင်ယူလေ့လာခြင်းဖြင့် လုပ်ငန်းထူထောင်နိုင်သည်အထိ ကြိုးစားသင်ယူသွားကြရန် လိုအပ်ကြောင်း အမှာစကားပြောကြားပြီး ခရိုင်အသေး စားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာဖြိုးက အသေးစား ကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးခေါင်လန်ဒီးက သင်တန်းသုံး သင်ထောက်ကူပစ္စည်းများကို သင်တန်းသူများထံလွှဲပြောင်းပေးအပ်ရာ သင်တန်းသူတစ်ဦးက လက်ခံရယူပြီး မှတ်တမ်းတင်စုပေါင်း ဓာတ်ပုံရိုက်ကူးကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းတွင်အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ကြည့်ရှုအားပေးသည်။

အဆိုပါအခြေခံနှင့် မွမ်းမံစက်ချုပ်သင်တန်းတွင် ဘာသာရပ်ကိုးမျိုးတို့ကို သင်တန်းနည်းပြဆရာမ ဒေါ်မာလီရဲ့က သင်တန်းသူ(၁၅)ဦးတို့အား အခြေခံစက်ချုပ်သင်တန်းကို တစ်လကြာနှင့် မွမ်းမံစက်ချုပ်သင်တန်းကို (၁၅)ရက်ကြာ စုစုပေါင်း သင်တန်းကာလ တစ်လခွဲကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ပူတာအိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် သင်တန်းသားများအား လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်ရေးအတွက် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု သင်တန်းများဖွင့်လှစ် သင်ကြားပေးလျက်ရှိပြီး ယခုသင်တန်းတက်ရောက်သူများမှ အမှန်တကယ်လုပ်ငန်းထူထောင်မည့် သင်တန်းသူငါးဦးအား သတ်မှတ်ချက်နှင့်အညီ ရွေးချယ်ပြီး တစ်ဦးလျှင်ငွေကျပ်(၁၀)သိန်းနှင့် ညီမျှသော စက်ပစ္စည်းများ ပံ့ပိုးပေးမည့်အပြင် လုပ်ငန်းထူထောင်နိုင်ရေး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)