မချမ်းဘောမြို့၌ ဌာနဆိုင်ရာများ စုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

မချမ်းဘော သြဂုတ် ၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်း လှူဒါန်းခြင်းနှင့် အနုမောဒနာတရားတော်နာယူခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထေရဝါဒတောင်တန်းသာသနာပြု (ဗဟို)ကျောင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဆရာတော် သံဃာတော်အရှင်သူမြတ်တို့နှင့် တရားနာပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကာကြွရောက်လာကြသော ဆရာတော် သံဃာတော်တို့က မင်္ဂလသုတ်တော်အစချီကာ ပရိတ်တရားတော်များကို ရွတ်ဖတ်ပူဇော်ကြပြီး တောင်တန်းသာသနာပြုဗဟိုကျောင်း သောရှစ်ပါးသီလတရားတော်ကို ခံယူဆောက်တည်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမှတ်(၁၃၇)ခြေလျင်တပ်ရင်း တပ်ရင်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများကဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ကောင်းမှုလုံထေရဝါဒသာသနာပြုကျောင်းဆရာတော် အရှင်ကောလိတ ချီးမြှင့်ဟောကြားတော်မူသော “အပါယ်မရောက်သော ကုသိုလ်” အနုမောဒနာတရားတော်ကို အတူတကွ စုပေါင်းနာယူကြပြီး ပြုခဲ့သမျှသော ကုသိုလ်အစုစုတို့ကို ရေစက်သွန်းချအမျှဝေကာ  ဗုဒ္ဓသာသနံ စိရံတိဌတုတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားရုပ်သိမ်းကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက  ဆရာတော်သံဃာတော်နှင့် သီလရှင်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ယောရွှေနီ (မချမ်းဘော့)