ပူတာအို ဩဂုတ် ၂
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကချင်ပြည်နယ် ပူတာအိုခရိုင် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ် သည့် ဘိန်းစိုက်ပျိုးသည့် မြို့နယ်များတွင် အစားထိုး အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေးဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းတွင် ပါဝင်သည့် အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းအနေဖြင့် စက်ချုပ်နည်းပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဩဂုတ်(၂)ရက် နံနက်(၁၀)နာရီက ပူတာအိုမြို့နယ် ပူတောင်းကျေးရွာ အုပ်စု မုဒုံ- ၂ ကျေးရွာ ခရစ်တော်၏ အသင်းတော် ဘုရားကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌကိုယ်စား ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးရှိန်က သင်တန်းဖွင့်အမှာ စကားပြောကြားပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာဖြိုးက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ခရိုင်စီမံကိန်း ရေးဆွဲရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတူးခေါင်တို့က သင်တန်းသုံး သင်ထောက်ကူပစ္စည်းများအား သင်တန်းသူများထံ လွှဲပြောင်းပေးအပ်ရာ သင်တန်းသူများ ကိုယ်စား သင်တန်းသူနှစ်ဦးက လက်ခံရယူပြီး မှတ်တမ်းတင် စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အဆိုပါ အခြေခံစက်ချုပ်သင်တန်းတွင် စက်ချုပ်သင်တန်းသုံးပစ္စည်းများ ကိုင်တွယ်အသုံးပြုပုံနှင့် အခြေခံချုပ်ရိုးချုပ်နည်း၊ အခြေခံစက်နှင်းနည်း၊ ခန္ဓာကိုယ်တိုင်းတာနည်း၊ Pattern ရေးဆွဲနည်း၊ အမျိုးသမီးရင်ဖုံး ဝမ်းဆက်ချုပ်နည်း၊ ရှမ်းရိုးရာဝတ်စုံချုပ်နည်း၊ ရဝမ်ရိုးရာဝတ်စုံချုပ်နည်း၊ အမျိုးသမီး ဝတ်စကတ်အမျိုးမျိုးချုပ်နည်း၊ သင်္ဘောသားအင်္ကျီချုပ်နည်းနှင့် မွမ်းမံစက်ချုပ်သင်တန်းတွင် Pattern ရေးဆွဲနည်း၊ ကချင်ရိုးရာ ဝတ်စုံချုပ်နည်း၊ လီဆူရိုးရာဝတ်စုံချုပ်နည်း၊ သင်္ဘောသားအင်္ကျီ ချုပ်နည်း၊ ကလေးဝတ် ဂါဝန်ချုပ်နည်း၊ စပန့်ဝမ်းဆက် ချုပ်နည်းတို့ကို သင်တန်းနည်းပြ ဆရာမ ဒေါ်မာလေးရဲ့က သင်တန်းသူ(၁၅)ဦးတို့အား အခြေခံစက်ချုပ်သင်တန်းကို တစ်လကြာနှင့် မွမ်းမံ စက်ချုပ်သင်တန်းကို (၁၅)ရက်ကြာ စုစုပေါင်း တစ်လခွဲကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချသွား မည်ဖြစ်ကြောင်း သိရသည်။
ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနအနေဖြင့် သင်တန်းသားများအား လက်တွေ့လုပ်ငန်း ခွင်တွင် ပြန်လည်အသုံးချနိုင်ရေးအတွက် ပြင်ပကျွမ်းကျင်နည်းပြများဖြင့် သင်ကြားပေးလျက်ရှိရာ အခြေခံ/ အဆင့်မြင့်(မွမ်းမံ) သင်တန်းပြီးစီးပါက သင်တန်းဆင်းသင်တန်းသားများမှ ထူးချွန်သင်တန်း သား (၅)ဦးအား သင်တန်းနည်းပြနှင့် စီမံကိန်းအကောင်အထည်ဖော်ရေး ကော်မတီတို့မှ စိစစ် ရွေးချယ်၍ သင်တန်းတစ်ဦးလျှင် ကျပ်(၁၀)သိန်းနှင့် ညီမျှသည့် စက်ပစ္စည်းများကို ထောက်ပံ့ပေးသွား မည့်အပြင် အဆိုပါ ထူးချွန်သူ(၅)ဦးအား လုပ်ငန်းထူထောင်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)