မိုးကောင်း ဇူလိုင် ၃၀
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းနေအိမ်အချို့သို့ ဇူလိုင် ၃၀ ရက်နေ့တွင် ချောင်းရေဝင်ရောက်နေမှုဖြစ်ပေါ်နေကြောင်း သိရသည်။
မိုးကောင်းမြို့၌ ဇူလိုင်(၂၉)ရက်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ညနေ(၆)နာရီခွဲအချိန်ခန့် မှစတင်၍ နန့်ရင်းချောင်းရေကြီးမှုကြောင့် မြို့ဦးရပ်ကွက် အုပ်စုအမှတ်(၄) အမှတ်(၅)လမ်းထိမ် မီးရထားလမ်းဘေးရှိ မြေနိမ့်ပိုင်းနေအိမ်အချို့သို့ ရေများဝင်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါချောင်းရေဆက်လက်မြင့်တက်မှုကြောင့် မိုးကောင်းမြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာအဖွဲ့ဥက္ကဋ္ဌ ကြီးကြပ်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့ပေါ် (၁၀)ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်မိရပ်ဖများက ချောင်းရေဝင်ရောက်နေသော လူနေအိမ်များသို့ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေး တစ်အိမ်လျှင် (၂၀)လီတာစီဖြန့်ဝေခဲ့ပြီး အရေးပေါ်ပြောင်းရွှေ့လိုသောနေအိမ်များရှိပါက ပြောင်းရွှေ့နိုင်ရေး လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
မိုးကောင်းချောင်းရေ၏ စိုးရိမ်ရေအမှတ်သည်(၆၀၀)စင်တီမီတာဖြစ်ပြီး ဇူလိုင်(၃၀)ရက် နေ့လယ်(၁၂)နာရီခွဲတိုင်းထွာချက်အရ နန့်ရင်းချောင်းရေသည်(၆၀၀)စင်တီမီတာ၌ ဆက်လက်ရှိနေသဖြင့် မိုးကောင်းမြို့ရှိ အိမ်ခြေ(၁၉၀)ခန့်ခြံဝန်းထဲရေဝင်ရောက်နေသော်လည်း ကယ်ဆယ်ရေး စခန်းသို့ပြောင်းရွှေ့ထားရသည့် အိမ်ထောင်စုမရှိသေးကြောင်းနှင့် ရေအတက်အကျ အခြေအနေအား ဆက်လက်စောင့်ကြည့်နေဆဲဖြစ်ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)