မိုးညှင်း ဇူလိုင် ၂၇
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်း မိတ်ဆက်ရှင်းလင်းပွဲကို ယနေ့နံနက် (၁၀) နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်ယဉ်ယဉ်မြင့်က ခေတ်မီစံပြကျေးရွာများရှိ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားလာစေရန်၊ ဘေးဒဏ်သင့် ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ပေးနိုင်စေရန်၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုနည်းပညာများ ပံ့ပိုးပေးခြင်းဖြင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မိုးညှင်းခရိုင်တွင် ဆောင်ရွက်ရမည့် စီမံကိန်းလုပ်ငန်းအမျိုးအစားများ စသည်တို့ကို ရှင်းလင်းပြောကြားသည်။
အဆိုပါ လုပ်ငန်းစီမံကိန်းအနေဖြင့် ပြည်နယ်တွင်စီမံကိန်းလုပ်ငန်း (၉)ခု ဆောင်ရွက်လျက်ရှိရာ မိုးညှင်းခရိုင်တွင် စီမံကိန်းလုပ်ငန်းနှစ်ခုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ၎င်းစီမံကိန်းနှစ်ခုမှာ မိုးကောင်းမြို့နယ် နန့်လှိုင်စံပြကျေးရွာနှင့် မိုးညှင်းမြို့နယ် အင်ကြင်းကုန်းကျေးရွာတို့တွင် အခြေခံနှင့် မွမ်းမံ စက်ချုပ်သင်တန်းများကို (၄၅) ရက်ကြာ အခမဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေမိုးညှင်း (ပြန်/ဆက်)