ဝိုင်းမော် ဇူလိုင် ၁၈
ကချင်ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ မြစ်ကြီးနားမြို့ ပြန်လည်ထူထောင်ရေး ဦးစီးဌာနမှ တာဝန်ယူကာ ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအုပ်စု ဂါလိလဲအိုင်ကျေးရွာရှိ “ဂါလိလဲအင်း” လူငယ်ပြုစုပျိုးထောင်ရေး လူမှုအသင်း သင်တန်းကျောင်းရှိ ခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းမက ပြည်နယ်အတွင်း မတည်ငြိမ်မှုအား အကြောင်းပြု၍ ဝိသမလောဘသားများက မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားခြင်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာကြပြီး ယခုအခါ ဒေသတွင်း တည်ငြိမ် အေးချမ်းလာပြီဖြစ်သဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လာနိုင်သကဲ့သို့ မူးယစ်ဆေးဝါး ကျေးကျွန်ဘဝရောက်နေသည့် လူငယ် မောင်မယ်များကိုလည်း လမ်းမှန်သို့ ရောက်ရှိကာ အလုပ်အကိုင်အခွင့် အလမ်းရရှိစေရေးအတွက် တာဝန်ရှိသူများက ပြန်လည်ထူထောင်ရေး စီမံချက်ဖြင့် သက်မွေးပညာများ သင်ကြားပေးလျက်ရှိပါကြောင်း ယခု သင်တန်းမှာလည်း မူးယစ်ဆေးဖြတ်ပြီးသူများအား တာဝန်ရှိသူများက သက်မွေးပညာများ လေ့ကျင့်သင်ကြားပေးမည် ဖြစ်ပါကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ တာဝန်ခံမန်နေဂျာ ဦးအောင်စည်က သင်တန်းတွင် လေ့ကျင့်သင်ကြားပေးသွားမည့် သက်မွေးပညာ ဘာသာရပ် များနှင့် သင်တန်းစည်းကမ်းများအား ရှင်းလင်းတင်ပြပြီး “ဂါလိလဲအင်း” လူငယ်ပြုစုပျိုးထောင်ရေး လူမှုအသင်းအတွက် ပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှူး ဦးအောင်သူက အားကစားပစ္စည်းများကို လည်းကောင်း၊ ဝိုင်းမော်မြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူးမြင့်လွင်က ငွေကျပ်(၂)သိန်းကို လည်းကောင်း ထောက်ပံ့ ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးနှင့် အတူ တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသားများက အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြ ကြောင်းနှင့် အဆိုပါ သင်တန်းကို ဇူလိုင် ၁၇ ရက်မှ ဩဂုတ် ၂၅ ရက်အထိ ရက်သတ္တ (၅) ပတ်ကြာ ဖွင့်လှစ်၍ စိုက်ပျိုးရေးနှင့် မွေးမြူရေး ဘာသာရပ်၊ ဆိုင်ကယ်ပြင်ဘာသာရပ်၊ ပိုက်ဆက်ပိုင်ပြင်ဘာသာရပ်၊ ဆပ်ပြာဆီ ပြုလုပ်နည်း ဘာသာရပ်များအား သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက စာတွေ့ လက်တွေ့ အခမဲ့လေ့ကျင့်သင်ကြား ပေးသွားမည်ဖြစ်ကာ မူးယစ်ဆေးဖြတ်ပြီးသူ အမျိုးသား (၃၀)ဦး တက်ရောက်ကြောင်း သတင်းရရှိသည်။
ဖြူစင်(ပြန်/ဆက်)