မြစ်ကြီးနား ဇူလိုင် ၁၈
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း မြစ်ကြီးနား-ဗန်းမော်သွားလမ်းပေါ်ရှိ နန်ဆန်ယန်ဒေသမှ ဝိုင်းမော်မြို့ အမှတ်(၂)ရပ်ကွက် RC ဘုရားကျောင်း၊ မိုင်းနား AG စခန်း၊ ဒဘတ်ယန်ကျေးရွာ၊ ကဇူး ကျေးရွာနှင့် မိုင်းနား RC စခန်းတို့တွင် ခေတ္တတိမ်းရှောင်လာသည့် ဒေသခံပြည်သူများအား မိုင်းနား ကျေးရွာ၊ မိုင်းနား RC စခန်း၌ ဇူလိုင် ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံအားပေးထောက်ပံ့ခဲ့ကြသည်။
ထို့သို့ တိမ်းရှောင်ပြည်သူများအား သွားရောက်တွေ့ဆုံ အားပေးထောက်ပံ့ရာတွင် ပြည်နယ်ဝန်ကြီးချုပ်က နန်ဆန်ယန်ဒေသမှ မိုင်းနား RC စခန်း၊ ဒဘတ်ယန် ကျေးရွာ၊ ကဇူးကျေးရွာများသို့ ထပ်မံတိမ်းရှောင်ရောက်ရှိလာသည့် အိမ်ထောင်စု (၆၈)စု၊ လူဦးရေ (၂၂၉) ဦးတို့အား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ မိသားစုများ လတ်တလော နေထိုင်စားသောက်မှု အဆင်ပြေစေရေး၊ ကလေးငယ်များ၏ ပညာသင်ကြားရေးအတွက် စီမံဆောင်ရွက်ပေးနိုင်ရေး စသည့်တို့ကို အားပေး ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီး များက အိမ်ထောင်စုများအတွက် ဆန်အိတ်(၂၀)၊ ခေါက်ဆွဲခြောက်ဖာ(၂၀)၊ ကြက်ဥအလုံး (၂၀၀)တို့ နှင့် ကျောင်းသား/ ကျောင်းသူများအတွက် ကျောပိုးအိတ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများ၊ အခြေခံပညာ မူလတန်းကျောင်း ဆရာ/ဆရာမ (၈)ဦးတို့အတွက် ထောက်ပံ့ငွေကျပ် ၈ သိန်း၊ ဆန်အိတ် ၈ အိတ်တို့ကို အသီးသီးထောက်ပံ့ပေးအပ်ရာ နန်ဆန်ယန်ပြည်သူများ ကိုယ်စား ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ရပ်မိ/ရပ်ဖ ဦးဖော်လားဂမ်ဖန်နှင့် ကသလစ်ဘုန်းတော်ကြီး ဖာသာယုံဝါတို့က အားပေး စကားပြောကြားကာ ဆုတောင်းဆက်ကပ်ပေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးကာ ကျောင်းသား/ကျောင်းသူများ ယာယီစာသင်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ နန်ဆန်ယန်ဒေသမှ ခေတ္တတိမ်းရှောင်လာသော ပြည်သူများအား ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၄.၇.၂၀၂၃ ရက်နေ့ကလည်း ဝိုင်းမော်မြို့ AG အသင်းတော် ကျောင်းဝင်းအတွင်း အိမ်ထောင်စု (၈၂)စု၊ လူဦးရေ (၃၁၀)ဦးတို့အား သွားရောက်တွေ့ဆုံအားပေးကြကာ ဆန်၊ ခေါက်ဆွဲ ခြောက်နှင့် ဆေးစိမ်ခြင်ထောင်များကို ထောက်ပံ့ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပလာစေရေးနှင့် လူနေပတ်ဝန်းကျင်စနစ်ကျောင်းများ ဖြစ်ပေါ်လာစေရေးအတွက် Kachin State Clean & Green Team ဖွဲ့စည်းပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် အတူ အပတ်စဉ် တနင်္လာနေ့မှ စနေနေ့ အထိ သန့်ရှင်းရေး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် (၇)နာရီခွဲက ပြည်နယ်သယံဇာတရေးရာ ဝန်ကြီး ဦးတိန့်ဆောင်နှင့် အတူ မြစ်ကြီးနားမြို့ ဆမားလမ်းနှင့် ဇော်ဂျွန်း လမ်းဆုံနေရာမှ ဇော်ဂျွန်းလမ်းတစ်လျှောက် ဘေးဝဲ/ယာတို့တွင် သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ကောက်ယူခြင်းတို့ကို စုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)