ဗန်းမော် ဇူလိုင် ၁၆
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ဗန်းမော်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဗန်းမော်ခရိုင် တက္ကသိုလ်များ ချစ်ကြည်ရေး ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇူလိုင် ၁၅ ရက် နံနက် (၉)နာရီခန့်က ဗန်းမော်တက္ကသိုလ်အားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဗန်းမော်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနေသွယ်ကြည်က အဖွင့်အမှာစကား ပြောကြားပြီး ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဠာန် ရွတ်ဆိုသည်။ ထို့နောက် တက္ကသိုလ်များမှ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်တို့က ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီး တက္ကသိုလ် ကျောင်းသူလေးများက ဂုဏ်ပြုပန်းခြင်းများပေး အပ်ခဲ့ကြကာ ပြိုင်ပွဲကို နံနက် (၁၀) နာရီ တွင် စတင်ယှဉ်ပြိုင်ခဲ့သည်။ ထိုပြိုင်ပွဲတွင် ဗန်းမော် တက္ကသိုလ်အသင်း၊ နည်းပညာတက္ကသိုလ် (ဗန်းမော်)အသင်း၊ ကွန်ပျူတာတက္ကသိုလ် (ဗန်းမော်)အသင်းစသည့် အသင်း(၃)သင်းတို့က ပတ်လည်ယှဉ်ပြိုင်ခဲ့ကြပြီး ဗိုလ်လုပွဲစဉ်အဖြစ် ဗန်းမော်တက္ကသိုလ်အသင်းနှင့် ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)အသင်းတို့ ယှဉ်ပြိုင်ကစားရာ ဗန်းမော် တက္ကသိုလ်အသင်းက အနိုင်ရရှိခဲ့သည်။
ဆက်လက်၍မွန်းလွှဲ(၁)နာရီတွင် ဆုချီးမြှင့်ခြင်း အခမ်းအနားကိုကျင်းပရာ ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခင်မောင်လွင်က ပထမဆုရရှိသည့် ဗန်းမော်တက္ကသိုလ်အသင်း အားလည်းကောင်း၊ ဗန်းမော်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနေသွယ်ကြည်က ဒုတိယဆု ရရှိသည့် ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)အသင်းအားလည်းကောင်း၊ ကွန်ပျူတာတက္ကသိုလ် (ဗန်းမော်)ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်မြင့်နိုင်က တတိယဆုရရှိသည့် နည်းပညာ တက္ကသိုလ် (ဗန်းမော်)အသင်းအားလည်းကောင်း ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပြီး အခမ်းအနား သို့တက်ရောက်အား ပေးချီးမြှင့်ကြသည့် တာဝန်ရှိပုဂ္ဂိုလ်များနှင့် အားကစားသမားများ စုပေါင်း မှတ်တမ်း တင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်