မိုးညှင်း ဇူလိုင် ၁၅
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုုးတိုးတက်ရေးဦးစီးဌာနမှ ဟဲလုံခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစီမံကိန်းအား မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ခြင်း အခမ်းအနားကို ဇူလိုင်(၁၄)ရက် မွန်းလွဲ(၁)နာရီခွဲက ဟဲလုံကျေးရွာဓမ္မာရုံး၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကိုက အဆိုပါ အခမ်းအနားနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်က ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း လုပ်ငန်းများအား ပါဝါပွိုင့်ဖြင့် မိတ်ဆက်ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ၎င်းကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ခေတ်မီစံပြကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းမှ ကျေးရွာကော်မတီများအား ရွေးချယ်တင်မြောက်ခဲ့ကြပြီး ဦးတည်အုပ်စုများအလိုက် ကျေးရွာတွင်ဆောင်ရွက်ရမည့် ဖွံ့ဖြိုးရေးလုပ်ငန်း ဦးစားပေးစီမံချက်များကို ရွေးချယ်အတည်ပြုခဲ့ကြကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာသူကျေးရွာသားများက စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ သိရှိလိုသည်များကို အသီးသီးဆွေးနွေးတင်ပြကြကာ ဆွေးနွေးတင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းကဏ္ဍာတစ်ခုချင်းစီအလိုက် အကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း(ပြန်/ဆက်)