နောင်မွန်းမြို့နယ်၌ ၂၀၂၃ခုနှစ်တက္ကသိုလ်ဝင်တန်းအောင်ဂုဏ်ထူးရ ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်

နောင်မွန်း    ဇူလိုင်   ၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် ၂၀၂၃ခုနှစ်တက္ကသိုလ်ဝင်တန်းအောင် ဂုဏ်ထူးရ ကျောင်းသား၊ကျောင်းသူများနှင့် ဂုဏ်ထူးရဘာသာသင်ဆရာဆရာမများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက် တန်းကျောင်း ထလမ်ရာဇီခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် နောင်မွန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း Grade-12ကျောင်းသား၊ ကျောင်းသူများက "မြန်မာ့ကျောင်း"သီးချင်းဖြင့်သီဆို‌ဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနမ်ရဲမင်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူးဆရာမကြီးဒေါ်မြင့်မြင့်ဦးက ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များရှင်းလင်းခြင်းနှင့် ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး အခြေခံ ပညာအထက်တန်းကျောင်းကျောင်း အုပ်ဆရာမကြီး ဒေါ်ခင်စန်းဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနမ်ရဲမင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ထူးရကျောင်းသားကျောင်းသူ (၁၅)ဦးနှင့်၂၀၂၂-၂၀၂၃ပညာသင်နှစ်အတွင်း ဂုဏ်ထူးထွက်ရှိအောင် သင်ကြားပို့ချပေးခဲ့သော ဘာသာရပ်ဆိုင်ရာဆရာဆရာမ(၅)ဦးတို့ကို ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး အခြေခံပညာအထက်တန်းကျောင်း Grade-9 မှ ကျောင်းသားကျောင်းသူများက "ပြည်မြန်မာ" သီချင်းအားသီးဆိုဖျော်ဖြေခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းသားမိဘများနှင့် ဆရာဆရာမများ၊ကျောင်းသားကျောင်းသူများ (၂၀၀)ခန့် တက်ရောက်ဂုဏ်ပြုခဲ့ကြပြီး အခမ်းအနားတက်ရောက်လာသူများက အမှတ်တရစုပေါင်းဓါတ်ပုံ ရိုက်ကူးခဲ့ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)