ပူတာအိုမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လမ်းဘေးတောင်ကမ်းပါးရံပြိုကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပွား

ပူတာအို  ဇူလိုင်  ၁၂

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယမန်နေ့နံနက်ပိုင်းက မြို့မရပ်ကွက် (၁) အဝင်လမ်း လမ်းဘေးတောင်ကမ်းပါးရံပြိုကျ၍  လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ရာ လူ၊တိရစ္ဆာန်ထိခိုက်ပျက်စီးမှုများ မရှိကြောင်းသိရသည်။

ယင်း လမ်းဘေးတောင်ကမ်းပါးရံပြိုကျမှုကြောင့် လမ်းပိတ်ဆို့နေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးခေါင်လန်ဒီး၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးကျော်ကျော်လွင်နှင့်တာဝန်ရှိသူများက သွားရောက်ကွင်း ဆင်းစစ်ဆေးခဲ့ပြီး ရပ်ကွက်နေပြည်သူများလမ်းသွားလမ်းလာရာတွင် အန္တရာယ် ကင်းရှင်းစွာသွားလာနိုင်ရေးအတွက် အမြန်ဆုံးရှင်းလင်းဖယ်ရှားနိုင်ရေး တာဝန်ရှိသူများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါလမ်းပိတ်ဆို့နေမှုအား ခရိုင်မီးသတ်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသိန်းထိုက်၊မြို့နယ်ဦးစီးမှူး ဦးတိတုဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ်မိးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်(၁၅)ဦးတို့က တာဝန်ရှိသူများနှင့်ပူးပေါင်းကာ မြေကော်ယာဉ်တစ်စီးနှင့်အတူ ရှင်းလင်းဆောင် ရွက်ခဲ့ရာ မွန်းလွဲ (၁)နာရီခန့်တွင် ရှင်းလင်းပြီးစီးခဲ့ပြီး ယခုအခါပုံမှန်အတိုင်းသွားလာနိုင်ပြီဖြစ်ကြောင်းသိရသည်။

ဖုန်ကန်(ပူတာအို)