မြစ်ကြီးနား ဇွန် ၂၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဒေသခံတိုင်းရင်းသား/ တိုင်းရင်းသူများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန် ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံး ခန်းမ၌ အဆင့်မြင့် ပန်းအလှပြင်၊ ပန်းအလှဆင်သင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီက စတင်ဖွင့်လှစ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြစ်ကြီးနားခရိုင်ဦးစီးမှူး ဦးကျော်ထက်က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များနှင့် သင်တန်းစည်းကမ်းချက်များအား ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းတွင် မြို့နယ်အတွင်းရှိ ပန်းအလှဆင် ပန်းအလှပြင် စိတ်ဝင်စားသည့် ဒေသခံ တိုင်းရင်းသူ (၄၅)ဦးတို့အား အခြေခံပန်းအိုးထိုးနည်း၊ အမှတ်တရနေ့များအတွက် ပန်းစည်း၊ ပန်းခြင်း အမျိုးအမျိုး၊ ပွဲအမျိုးမျိုးနှင့် အခမ်းအနားများတွင် ပန်းအလှပြင်နည်းအမျိုးမျိုးတို့ကို နည်းပြဆရာ ဦးသန်းမင်းဦးက ဇွန်လ (၂၄) ရက်နေ့မှ (၂၅) ရက်နေ့အထိ (၂) ရက်ကြာ စာတွေ့ လက်တွ့ သင်ကြား ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းကို မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် ပြည်နယ်စာကြည့်တိုက်များဖောင်းဒေးရှင်းတို့ ပူးပေါင်း ဖွင့်လှစ်ကြောင်းနှင့် မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာနတွင် လူငယ်များ အလုပ်အကိုင် အခွင့်အလမ်းရရှိစေမည့် သင်တန်းများအပြင် အခြားအသိပညာဗဟုသုတများ တိုးပွားလာစေရန် ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စာသင်တန်း၊ ဘာသာစကားစကားပြောသင်တန်းများ ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ သိရသည်။
ခရိုင်(ပြန်/ ဆက်)