ကချင်ပြည်နယ်ဝန်ကြီးချုပ် ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ အထိမ်းအမှတ် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲသို့ တက်ရောက် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မြစ်ကြီးနား ဇွန် ၂၅

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ကျင်းပပြုလုပ်သည့် ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ အထိမ်း အမှတ်အဖြစ် မိုးရာသီစုပေါင်း သစ်ပင် စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် ၈ နာရီက မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် စည်လုံးခြင်းသည်အင်အား ရုပ်တုရှေ့ ဗလမင်းထင်လမ်းတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က “ကမ္ဘာမြေကိုကာကွယ်ဖို့ စုပေါင်းသစ်ပင် စိုက်ကြစို့” ဟူသည့်‌ ဆောင်ပုဒ်နှင့်အညီ ပြည်နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေ‌ရေးအတွက် မိုးရာသီသစ်ပင်များစိုက်ပျိုးခြင်း၊ သစ်တောများ ထိန်းသိမ်းကာကွယ်ခြင်းများကို စဥ်ဆက် မပြတ်ဆောင်ရွက် လျက်ရှိပါ‌‌ကြောင်း၊ ယခုနှစ်မှစပြီး ပြည်နယ်၏ မြို့တော်မြစ်ကြီးနားအား ပန်းမြို့တော်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် “ပန်းချစ်သူများ အသင်း” ကိုလည်း တရား ဝင် မှတ်ပုံတင်ဖွဲ့စည်းပြီးဖြစ်ပါ‌ကြောင်း၊ ထို့အပြင် သန့်ရှင်း၍ စိမ်းလန်းစိုပြေသော ပြည်နယ်ဖြစ်လာ စေရေး “Clean & Green Team Kachin State” ကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါ‌ကြောင်း၊ သစ်ပင်များစိုက်ပျိုးခြင်းသည် ရာသီဥတုပြောင်းလဲမှုအားအံတုနိုင်ခြင်း၊ လေထုကိုသန့်ရှင်းစေ နိုင်ပြီး ‌အောက်စီဂျင်လုံလောက်စွာရရှိခြင်း၊ မြေတိုက်စားခြင်း၊ မြေပြိုခြင်းများမှလည်း ကာကွယ်ပေးနိုင်ခြင်း အစရှိသော အကျိုးကျေးဇူးများ ရရှိနိုင်ခြင်း‌ကြောင့် ပြည်သူများအားလုံးဟာလည်း ကမ္ဘာမြေကြီး လှပပြီး သန့်ရှင်းကျန်းမာစေဖို့ သစ်ပင်များဝိုင်းဝန်း စိုက်ပျိုးကြရန် တိုက်တွန်း အမှာစကားပြောကြားသည်။

ယင်းနောက် မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြား‌ရေးမှူး၊ ဦးလှမိုးမှ မိုးရာသီအတွင်း အရိပ်ရပင်နှင့် အလှပန်းပင် များ စိုက်ပျိုးထားရှိမှုနှင့်ဆက်လက် စိုက်ပျိုးသွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြပြီး၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ အထိမ်းအမှတ်အဖြစ် စိုက်ပျိုးသွားမည့်သစ်ပင်နှင့် ပန်းအလှပင်များအား ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ စုပေါင်း သစ်ပင် စိုက်ပျိုးသွားမည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်၊ ပန်းချစ်သူများ အသင်းမှ အသင်းဝင်များ အားပေးအပ်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သော အဖွဲ့ဝင်များသည် ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ အထိမ်းအမှတ်အဖြစ် သပြေဘူတနှင့် စက္ကူပန်းပင် စုစုပေါင်း (၄၀၀)ပင်အား အဆိုပါဗလမင်းထင် လမ်းမကြီးတစ်လျှောက် လမ်းဘေးဝဲ/ယာများတွင် စုပေါင်းစိုက်ပျိုးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သစ်ပင်စိုက်ပျိုးနေသူ များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကာ စိုက်ပျိုးထားမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အောင်နန်းရပ်ကွက် မြစ်ကြီးနားဘူတာ သို့ရောက်ရှိပြီး ကိုဗစ်-၁၉ ကပ်‌ရောဂါကြောင့် (၃)နှစ်နီးပါး ရပ်နားခဲ့ရသည့် မြစ်ကြီးနား-မိုးကောင်း-မိုးညှင်းလမ်းပိုင်း မီးရထားပြန်လည် ပြေးဆွဲနိုင်‌‌‌ရေးအတွက် မြစ်ကြီးနားမြို့-နန်းကွေ့ကျေးရွာကြား မိုင်၇၂၀/၄-၅ ဂိတ်အမှတ်(၈)အထိ ကိုရီးယားလေအိတ်ရထားဖြင့် စမ်းသပ်မောင်းနှင်မှုအား လိုက်ပါစီးနင်းကြည့်ရှုစစ်ဆေးကာ အဆိုပါမီးရထားလမ်းပိုင်း တစ်လျှောက် ခြုံနွယ်များရှင်းလင်းခြင်း၊ ပျက်စီးနေသည့် လမ်းများအား ပြုပြင်နိုင်ရေးနှင့် မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း မီးရထားပြန်လည်ပြေးဆွဲနိုင်ရေးအတွက် လိုအပ် သည်များအား ဌာနဆိုင်ရာများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် အမှတ်(၁)တိုင်း၊ မြစ်ကြီးနား တာဝန်ခံအရာရှိနှင့် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် နံနက်ပိုင်းက ပြည်နယ်တရားလွှတ်တော်တရားသူ ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ စုပေါင်း၍ အောင်နန်းရပ်ကွက် မီးရထားဝင်းအတွင်း ပြည်သူအကျိုးပြု စုပေါင်း သန့်ရှင်းရေးအဖြစ် အမှိုက်များ ကောက်ယူသိမ်းဆည်းခြင်း၊ ခြင်အန္တရာယ်ကင်းရှင်းရေးအတွက် ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်းတို့အား စုပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်