အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

ရွှေကူ ဇွန် ၂၀

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက် မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက်  ၉  နာရီခွဲခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ပပသိန်းက ကျောင်းသားလူငယ်၊ လူရွယ်များအနေဖြင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ပြီး မူးယစ်ဆေးဝါးအန္တရာယ်ကို ရှောင်ကြည်နိုင်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ပြသထားသည့် နံရံကပ်စာစောင်များ၊ ဓာတ်ပုံပြပွဲများကို လေ့လာခြင်းဖြင့် အသိပညာများ တိုးပွားရရှိစေပြီး ဘယ်သောအခါမှ ဘယ်သူ့ကိုမှ အကျိုးမပေးသော မူးယစ်ဆေးဝါးကို ရှောင်လေဝေးဝေး မူးယစ်ဆေးဆိုသည်နှင့်အညီ ရှောင်ရှားနိုင်ကြရန် ကောင်းမွန်သောစာပေများကို များများ ဖတ်ကြရန်လိုကြောင်း ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်မြတ်နွယ်က ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြောင်း အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် စာစီစာကုံးပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ရွှေကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၃) ဦးတို့က “မူးယစ်ကင်းစင် တို့ပြည်တစ်ခွင် သာယာလှပလူမှုဘဝ” ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)