ဗန်းမော်ခရိုင် Community Centre ခန်းမ၌ ပလတ်စတစ် ညစ်ညမ်းမှုအန္တရာယ်အကြောင်း သိကောင်းစရာ Talk Show  ဆောင်ရွက်

ဗန်းမော် ဇွန် ၁၆

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဗန်းမော်ခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပလတ်စတစ် ညစ်ညမ်းမှုအန္တရာယ်အကြောင်း သိကောင်းစရာ  Talk Show ကို ယနေ့နေ့လယ် ၂နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ Talk Show တွင် ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဲစုမိုးက ပလတ်စတစ် ညစ်ညမ်းမှုအန္တရာယ်များနှင့် ပတ်သက်၍ ပလတ်စတစ်၏ အဓိပ္ပာယ်၊ ပလတ်စတစ် ညစ်ညမ်းမှုအကြောင်း၊ မြန်မာနိုင်ငံတွင်မျက်မှောက်ကာလ ပလတ်စတစ် သုံးစွဲမှု အခြေအနေများ၊ ပလတ်စတစ်ထုတ်လုပ်မှုအခြေအနေများ၊ ပလတ်စတစ်ရဲ့ဆိုးကျိုးများ၊ ပလတ်စတစ် ညစ်ညမ်းမှုကိုဖြေရှင်းနိုင်မည့်နည်းလမ်းများ၊ ပလတ်စတစ်ကပေးသည့် အန္တရာယ်များ၊ ပလတ်စတစ်ညစ်ညမ်းမှုများကြောင့် လူမှုစီးပွားရေးအပေါ်သက်ရောက်မှုများ၊ ပလတ်စတစ် ညစ်ညမ်းမှုကို လျှော့ချသုံးစွဲနိုင်မည့် နည်းလမ်းများကို ဆွေးနွေးမေးမြန်းခဲ့ရာ ဗန်းမော်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဒေါ်ညိုဇင်မာဝင်းက ပလတ်စတစ် ညစ်ညမ်းမှု အန္တရာယ်များအကြောင်းကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အကျယ်တဝင့် ဆွေးနွေးဖြေကြားခဲ့ပြီး ပလတ်စတစ်ညစ်ညမ်းမှုကို လျှော့ချသုံးစွဲရန် (Reduce)လျှော့သုံးခြင်း၊ (Reduce) ပြန်လည်အသုံးပြုခြင်း၊ (Recycle)ပြန်လည်ပြုပြင်ထုတ်လုပ်ခြင်း စသည့်  (3Rs)စနစ်ကို လိုက်နာကျင့်သုံးသင့်ကြောင်းနှင့် ပလတ်စတစ်သုံးစွဲမှု၊ ထုတ်လုပ်မှုများကို လျော့နည်းလာအောင် လိုက်နာဆောင်ရွက်ခြင်းဖြင့် ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှု၊ အဏ္ဏဝါဂေဟစနစ်ညစ်ညမ်းမှုမရှိစေဘဲ သဘာဝသယံဇာတအရင်းအမြစ်များလျော့နည်းဆုံးရှုံးမှုများကို တားဆီးရေးနှင့် စဉ်ဆက်မပြတ် အကျိုးရှိစွာ အသုံးပြုနိုင်ကာ ပိုမိုကောင်းမွန်တဲ့ သဘာဝပတ်ဝန်းကျင်ရရှိဖို့အတွက် လူသားများ အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်သင့်ပါကြောင်းကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်