မိုးမောက် ဇွန် ၁၆
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ မြို့နယ်ဥပဒေရုံး၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်လွန်းနန်းထွေးက ကျောင်းသူ/သားများနှင့် မိတ်ဆက်အမှာစကား ပြောကြားခြင်း၊ မြို့နယ်ကျန်းမာရေးဌာနမှ မြို့နယ်ကျန်းမာရေးမှူး ဦးစန်းနိုင်က မူးယစ်ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာများ၊ မူးယစ်ဆေးအစနှင့် လူမှုရေး ထိခိုက်ဆုံးရှုံး လာနိုင်ကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ဥပဒေဌာနမှ မြို့နယ်ဥပဒေအရာရှိ ဒေါ်ပန်းမမက မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် ရောင်းဝယ်မှုပြုခြင်းတို့အတွက် ချမှတ်ထားသော ပြစ်မှု ပြစ်ဒဏ်များအကြောင်းနှင့် သိမှတ်ဖွယ်ရာ မူးယစ်ဆေးဝါးမှုခင်း ဖြစ်စဉ်များကို ပြောကြားခဲ့ပြီးနောက် မြို့နယ်ပြန်/ဆက်မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက် ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဟောပြော ပွဲသို့ တက်ရောက်လာသော အ.မ.က မူလွန်ကြေးနန်းကျောင်းမှ ကျောင်းသူ/သားများထံသို့ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိ ရသည်။
မြို့နယ် (ပြန်/ဆက်)