မံစီ ဇွန် ၁၆
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲကို ဇွန် ၁၅ ရက် နေ့လယ် ၁၂ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲကို ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို သိရှိပြီး မူးယစ်ဆေးဝါးအန္တရာယ် ကင်းဝေးစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မံစီမြို့မရဲစခန်း၊ အခြေခံ ပညာ အထက်တန်းကျောင်း(မံစီ) တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ဟောပြောပွဲတွင်အခြေခံပညာ အထက်တန်းကျောင်း(မံစီ)မှ ကျောင်းသား၊ ကျောင်းသူ များ တက်ရောက်ခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်မြသက်ဦး၊ မံစီမြို့မ ရဲစခန်းမှူး ဒုတိယ ရဲမှူးဝင်းရွှေနှင့် အခြေခံပညာ အထက်တန်းကျောင်း(မံစီ) ကျောင်းအုပ် ဒေါ်ခင်နှင်းဝေတို့က မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များအကြောင်းနှင့် ဆောင်ရန် ရှောင်ရန် အချက်များ၊ စာပေလေ့လာဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကို အသီးသီး အသိပညာပေး ဟောပြော ခဲ့သည်။
မြို့နယ် (ပြန်/ဆက်)