ဗန်းမော် ဇွန် ၁၆
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့ အမှတ်(၃)အခြေခံပညာမူလတန်းလွန်ကျောင်း၌ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ရှောင်လေဝေးဝေး မူးယစ်ဆေးအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခန့်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် အမှတ်(၃) အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြင့်ဆွေက အဖွင့်အမှာစကားပြောကြားခြင်း၊ ဗန်းမော်ခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးက စားသုံးသူကာကွယ်ရေး အသိပညာပေးများ၊ စားသုံးသူ ကာကွယ်ရေး ဥပဒေများ ၊စားသုံးရန်မသင့်သည့် အစားအသောက်များကို အသိပညာပေး ဟောပြောခဲ့ပြီး ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ထွန်း ရှောင်လေဝေးဝေးမူးယစ်ဆေး ခေါင်းစဉ်ဖြင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများ သိသင့်သိထိုက်သည့် ရှောင်ကြဉ်ရမည့်အချက်များ၊ လူငယ်ရေးရာနှင့် ပတ်သက်၍ လူငယ်နှင့် ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာပေးများ ဟောပြောခဲ့သည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် ရှောင်လေဝေးဝေး မူးယစ်ဆေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် ပြည်သူအများ ပူးပေါင်း ကာကွယ်နံရံကပ်စာစောင်၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်၊ မုန်တိုင်း ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်၊ အပူဒဏ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ် စာစောင်များနှင့် စာအုပ်စာစောင်များကို ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာ မှတ်သားခဲ့ကြောင်းနှင့် ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကိုလည်း အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်