ကချင်ပြည်နယ်ကုသရေးဦးစီးဌာနအတွက် AHA Centre မှ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တစ်ဆင့် ဆေးရုံသုံးစက်ကိရိယာပစ္စည်းများ ပေးအပ်လှူဒါန်း

မြစ်ကြီးနား ဇွန် ၁၅

ကချင်ပြည်နယ် ကုသရေးဦးစီးဌာနအတွက် AHA Centre (ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ပတ်သက်သည့် အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ညှိနှိုင်းရေးဌာန)မှ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ တစ်ဆင့် ဆေးရုံသုံးစက်ကိရိယာပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ရာ ယနေ့ နံနက် ၁၀ နာရီက ပြည်နယ်ပြည်သူ့ဆေးရုံ၌ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ပြည်နယ်ကုသရေး ဦးစီးဌာနထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့သို့ ဆေးရုံသုံးစက်ကိရိယာများ လွှဲပြောင်းပေးအပ်လှူဒါန်းရာတွင် ပြည်နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးဘရန်ဒီးနှင့် ပြည်နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ပြည်နယ်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာတင့်နိုင်ခံ လွှဲပြောင်း ပေးအပ်ခဲ့ကြပြီး AHA Centre မှ လှူဒါန်းသည့် ဆေးရုံသုံးစက်ကိရိယာပစ္စည်းများဖြစ်သည့် ကိုဗစ် ရောဂါပိုးစမ်းသပ်ပစ္စည်း (RDT Test kit)အခုရေ ၁၀၀၀၀၊ အောက်စီဂျင်နှာခေါင်းပိုက် (၂)ခု၊ ဆေး သွင်းပိုက်(Drip Set/Infusion Set) အခုရေ ၁၀၀၀ ၊ ကိုယ်ပူချိန်တိုင်းကိရိယာ ၁၅၀ ခု၊ ECG စက် ၁ လုံး၊ Digital သွေးပေါင်ချိန်တိုင်းစက် ၄၅ လုံးတို့ကို စစ်ဆေးလက်ခံခဲ့ကြသည်။

အဆိုပါ ဆေးရုံသုံးပစ္စည်းများကို မြစ်ကြီးနားပြည်သူ့ဆေးရုံမှတစ်ဆင့် မိုးညှင်းပြည်သူ့ဆေးရုံ၊ ဗန်းမော်ပြည်သူ့ဆေးရုံနှင့် ပူတာအိုပြည်သူ့ဆေးရုံများသို့ ခွဲဝေ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်ကုသရေးဦးစီးဌာနမှ သိရသည်။

ပြည်နယ် (ပြန်/ဆက်)