တနိုင်းမြို့နယ်၌ ဌာနဆိုင်ရာများ ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲများ ဆက်လက် ဆောင်ရွက်

တနိုင်း ဇွန် ၁၅

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ဌာနဆိုင်ရာများပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက ဆွတ်ငိုင်ရပ်ကွက်ရှိ နာဂနှစ်ခြင်းအသင်းတော် ဘုရားကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြ‌သောင်း၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင် အရာရှိ ဦးသန့်ဇင်ဦး၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးအောင်ဇော်၀င်းတို့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ မီးဘေးအန္တရာယ်နှင့် ပတ်သက်၍ ပြည်သူများ သိသင့်သိထိုက်သည်များအား အသိပညာပေးဟောပြောပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဦးက  စာဖတ်ခြင်းဖြင့် ရရှိလာမည့် အကျိုး‌ကျေးဇူးများနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် တနိုင်းမြို့နယ် ပြည်သူ့ဆေးရုံကျန်းမာရေးဌာနမှ ကျန်းမာရေးကြီးကြပ်(၂) ဦးပန်းနုက မိုးတွင်းကာလအတွင်း အဖြစ်များတတ်သော ရောဂါပိုးများနှင့် ကူးစက်ရောဂါများနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များအား အသိပညာ‌ပေးဟောပြောခဲ့ပြီး တက်ရောက်လာကြသည့်
ပြည်သူများအား ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်များနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး  လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အလားတူ တနိုင်းမြို့နယ်၊ ဟူးကောင်းရပ်ကွက်ရှိ လီဆူဘုရားကျောင်း၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ ၁ နာရီက အဆိုပါ အသိပညာပေးဟောပြောပွဲ ထပ်မံဆောင်ရွက်ခဲ့ကြ‌ကြောင်း သိရသည်။

ပိုင်ထွန်း(တနိုင်း)