မြစ်ကြီးနား ဇွန် ၁၅
ကချင်ပြည်နယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၂၃ ခုနှစ် မိုးရာသီ ဝါးစုပေါင်းစိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်နိုင်ရေး ဝါးပျိုးပင်များ ပျိုးထောင်ထားရှိမှုနှင့် ဝိုင်းမော်မြို့နယ် မြို့မပျိုးဥယျာဉ်အတွင်း အရိပ်ရနှစ်ရှည်ပင်များ ပျိုးထောင်စိုက်ပျိုးမှု အခြေအနေများကို ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူး ဦးအောင်ခိုင်စိုး၊ မြစ်ကြီးနားခရိုင် သစ်တောဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ တာဝန်ရှိသူများနှင့် အတူ ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာအုပ်စု၊ နန့်ဝါကြိုးဝိုင်း သစ်တောဧရိယာအတွင်း စိုက်ပျိုးဆောင်ရွက်သွားမည့် ၂၀၂၃ ခုနှစ် မိုးရာသီ ဝါးစုပေါင်း စိုက်ပျိုးပွဲတော်အတွက် ဝန်ထမ်းများ၏ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများနှင့် ဝါးပိုးဝါး၊ မျှင်ဝါး၊ တစ်ပင်တိုင်ဝါးမျိုးများ စုဆောင်းဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်နယ်ဝန်ကြီးက စိုက်ပျိုး မည့် ဝါးပင်များအား ဒေသခံများ အကျိုးဖြစ်ထွန်းစေရေး ဝါးဖြင့် အသုံးပြု ထုတ်လုပ်နိုင်သည့် စက္ကူအပါအဝင် ဝါးထုတ်ကုန်တိုးတက်မြှင့်မားစေရန် စည်းရုံး ဆောင်ရွက်သွားကြရေးနှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးသည် နောင်တာလောကျေးရွာအတွင်းရှိ ဝိုင်းမော်မြို့နယ် သစ်တော ဦးစီးဌာနပိုင် မြို့မပျိုးဥယျာဉ်အတွင်း မြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် များနှင့် လူထုဖြန့်ဝေနိုင်ရေး ရေပိတောက်၊ မန်ဂျန်ရှား၊ ရေထောက်ကြံ့၊ ထင်းရှုး၊ ကညင်၊ ကံ့ကော်၊ ပိတောက်၊ သစ်အယ်၊ ယင်းမာ စသည့် အရိပ်ရပျိုးပင်ပေါင်း ၃၀၀၀၀ အား ပျိုးထောင်စိုက်ပျိုးထားရှိမှု၊ ဝါးပျိုးပင်များ စိုက်ပျိုးထားရှိမှုနှင့် ပြုစုပျိုးထောင်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ ပြည်နယ်ဝန်ကြီးက ဝန်ထမ်းများအနေဖြင့် သစ်ပင်များ ရှင်သန်ကြီးထွားလာစေရေးကို အလေးထား ပြုစုပျိုးထောင်သွားရေး မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)