ဝိုင်းမော် ဇွန် ၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ မုတ်လွဲကျေးရွာအုပ်စု၊ ခါးရှိကျေးရွာရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာန၊ ငါးသားဖောက်လုပ်ငန်း စခန်းရုံးတွင် အခြေခံငါးမွေးမြူရေးနှင့် ငါးဆေးထိုးသားဖောက်သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါရုံး သင်တန်းခန်းမဆောင်တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ သင်တန်းသားများမှ တစ်ဦးခြင်း ဂါရဝပြုမိတ်ဆက်ကာ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက နိုင်ငံအတွင်း ငါးစားသုံးမှု မြင့်တက်လာခြင်း၊ ခေတ်မီနည်းစနစ်ဖြင့် ငါးမွေးမြူခြင်းများ ဆောင်ရွက်၍ ငါးအသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ငါးမွေး တောင်သူများမှ ကြိုးပမ်းအကောင် အထည်ဖော် ဆောင်ရွက်ကြရေးတို့ကို လမ်းညွှန်မှာကြားကာ ဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်၊ Thermo meter၊ ငါးအစာအိတ်နှင့် ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ရာ သင်တန်းသားများမှ လက်ခံရယူပြီး သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ အခြေခံငါးမွေးမြူရေးနှင့် ငါးဆေးထိုး သားဖောက်သင်တန်းတွင် ကချင်ပြည်နယ် မချမ်းဘောမြို့နယ်မှ ငါးမွေးတောင်သူနှင့် စိတ်ပါဝင်စားသူ ဒေသခံ (၁၀)ဦး တက်ရောက်ပြီး သင်တန်းကို ဇွန် ၆ ရက်မှ ၈ ရက်အထိ (၃) ကြာဖွင့်လှစ်၍ အခြေခံငါးမွေးမြူရေးနည်း စနစ်နှင့် ငါးဆေးထိုးသားဖောက် လုပ်ငန်းများအား စာတွေလက်တွေ့ လေ့ကျင့်သင်ကြားပေးခဲ့ပြီး သင်တန်းဆင်းပွဲသို့ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဝိုင်းမော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဖိတ်ကြားထားသူများ တက်ရောက်ကြောင်း သတင်းရရှိသည်။
ဖြူစင်