ရွှေကူ ဇွန် ၇
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြု ဝူရှူးအားကစား ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သော ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် ဂုဏ်ဆောင် အားကစားသမား မောင်နေဝင်းထွဋ်အား ကြိုဆိုဂုဏ်ပြုပွဲကို ယနေ့ နံနက် ၁၁ နာရီခွဲခန့်က မြို့တော်ခန်းမ၌ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကမ္ဘောဒီးယားနိုင်ငံ၌ ၂၀၂၃ ခုနှစ် မေလ(၅)ရက်နေ့မှ(၁၇)ရက်နေ့အထိ ကျင်းပခဲ့သော ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲ၌ မြန်မာနိုင်ငံမှ အာကစားနည်း (၁၉) မျိုး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ဝူရှူးအားကစားနည်းလည်း ပါဝင်ယှဉ် ပြိုင်ခဲ့ပြီး နိုင်ငံကိုယ်စားပြု တတိယဆု ကြေးတံဆိပ်ဆုကို ဆွတ်ခူးရယူပေးခဲ့သော ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာမှ မောင်နေဝင်းထွဋ်အား ရွှေကူမြို့အဝင်၌ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖ များနှင့် ပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။
ထို့နောက် မြို့တော်ခန်းမ၌ ဂုဏ်ပြုချီးမြှင့်ပွဲကို ကျင်းပခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးက ဂုဏ်ပြုစကား ချီးမြှင့်ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ဌာနဆိုင်ရာ များက စုပေါင်း၍ ဂုဏ်ပြုငွေ ၄၀၀,၀၀၀/- နှင့် အလှူရှင် တစ်ဦးမှ ဂုဏ်ပြုငွေ ၁၀၀,၀၀၀/- စုစုပေါင်း ၅၀၀,၀၀၀/- ကျပ်ကို ဂုဏ်ပြု ချီးမြှင့်ခဲ့ပြီး ဝူရှူး အားကစားသမား မောင်နေဝင်းထွဋ်မှ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲ အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)