မြစ်ကြီးနား ဇွန် ၇
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ စက်မှုဇုံရပ်ကွက်အတွင်းရှိ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်း (မြစ်ကြီးနား)ပိုင် ဧရိယာအတွင်း တည်ဆောက်ဖွင့်လှစ်ထားရှိသည့် ကျောက်စိမ်း၊ ကျောက်မျက်နှင့် ကျောက်မျက်ရတနာရောင်းဝယ်ရေးစင်တာ၌ ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ပယင်း အချောထည်ဆိုင်ခန်းများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့နံနက် ၉ နာရီက သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးရာ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (မြစ်ကြီးနား)မှ တာဝန်ရှိသူများက ရောင်းဝယ်ရေးစင်တာအတွင်း ဆိုင်ခန်းများ ဖွင့်လှစ်ထားရှိမှု၊ ဈေးရုံအတွင်း ပယင်းအချောထည်ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချနေမှု အခြေအနေများနှင့် စပ်လျဉ်း၍ လိုက်လံရှင်းလင်းပြသမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်နယ် ဝန်ကြီးချုပ်က ဆိုင်ခန်းများ စနစ်တကျ ပြင်ဆင်ရောင်းချနိုင်ရေး၊ ပယင်းအချောထည် ဈေးကွက်ခိုင်မာပြီး ပိုမိုကောင်းမွန်သော ဈေးကွက် အချက်အချာနေရာတစ်ခု ဖြစ်လာစေရေး၊ လူအများ လွတ်လပ်စွာ ဝင်/ထွက်၍ အရောင်းအဝယ်ပြုလုပ်ခြင်းအားဖြင့် စည်ကားသော ဈေးနေရာတစ်ခုဖြစ်လာစေရေး၊ စင်တာပတ်ဝန်းကျင် အမှိုက်ကင်းစင်ရေး ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်ပြန်/ဆက်