ကချင်ပြည်နယ်အတွင်း ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဧပြီလမှ ဇွန်လ ၅ ရက်နေ့အထိ IDPs စခန်း (၄)ခု၊ ပိတ်သိမ်းနိုင်ခဲ့ပြီး အိမ်ထောင်စု (၇၁၂)စု၊ လူဦးရေ ၃၈၃၈ ဦးတို့အား ရွှေ့ပြောင်းနေရာချထား ပေးနိုင်ခဲ့၊ နေရပ်ကျေးရွာများသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်‌ထောင်စုများအားထ

မြစ်ကြီးနား ဇွန် ၆

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာစခန်းနေ ပြည်သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် အဖွဲ့အစည်းအသီး သီးနှင့် ပူးပေါင်းချိတ်ဆက်၍ ကြိုးပမ်း‌ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဧပြီလမှ ဇွန်လ ၅ ရက်နေ့အထိ ပြည်နယ်အတွင်းရှိ IDPs စခန်း (၄)ခုပိတ်သိမ်းနိုင်ခဲ့ပြီး အိမ်ထောင်စု (၇၁၂)စု၊ လူဦးရေ ၃၈၃၈ ဦးတို့အား ရွှေ့ပြောင်းနေရာချထားပေးနိုင်ခဲ့ကြောင်း ယနေ့နံနက် ၁၀ နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ကျင်းပပြုလုပ်သည့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထား ရေးနှင့်ယာယီ ခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့် ကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ သိရှိရသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုနှစ်တွင် ကော်မတီအဖွဲ့ဝင်များအားလုံး၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် IDPs စခန်းများနေ ပြည်သူများအား မူလနေရပ်ကျေးရွာများ၊ ပြန်လည်ထူထောင်ပေးသည့် အိမ်ရာများတွင် ပြောင်းရွှေ့နေရာချထား ပေးနိုင်ခဲ့ပါကြောင်း၊ ထို့အပြင် ၎င်းတို့ရွှေ့ပြောင်းနေထိုင်သည့် ကျေးရွာများတွင်လည်း မိသားစုများ၏ အခြေခံလိုအပ်ချက်များဖြစ်သည့် ပညာရေး၊ ကျန်းမာ‌ရေးကိစ္စရပ်များကို အလေးအနက်ထား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ရှေ့ဆက်၍လည်း ယခုနှစ် ၂၀၂၃ ခုနှစ်အတွင်း IDPs စခန်း များ ပိတ်သိမ်းနိုင်ရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများကို အချင်းချင်း အချိတ်အဆက်မိမိ ဖြင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ယင်းနောက် တက်ရောက်လာကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက သက်ဆိုင်ရာ ခရိုင်များအတွင်း မြို့နယ်များအလိုက် IDPs စခန်းများနှင့် ယာယီတိုက်ပွဲရှောင်စခန်းများတွင် အိမ်ထောင်စုများ နေထိုင်လျက်ရှိသည့်အခြေအနေများ၊ အိမ်ထောင်စုများအား မူလနေရပ်ကျေးရွာ များနှင့် ပြန်လည်နေရာချထားပေးနိုင်ခဲ့သည့် အခြေအနေများ၊ ရွှေ့ပြောင်းနေရာချထားပေးခဲ့မှုနှင့် မြေယာကိစ္စရပ်များကို တင်ပြဆွေးနွေးကြပြီး တက်ရောက်လာကြသည့် ပြည်နယ်အဆင့် ကော်မတီ အဖွဲ့ဝင်များ၊ ဘာသာရေးခေါင်းဆောင်များနှင့် PCG အဖွဲ့နှင့် ICRC တို့မှ တာဝန်ရှိသူများက လိုအပ်ချက်များကို ညှိနှိုင်းချိတ်ဆက်ပေးနိုင်ရေး အသီးသီးတင်ပြဆွေးနွေးကြသည်။

ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ရှေ့ဆက်၍လည်း အိမ်ထောင်စုများအား ပြောင်းရွှေ့နေရာချထားပေးနိုင်ရန် ကြိုးစားဆောင်ရွက်ကြရေး၊ စနစ်တကျဖြင့် စာရင်းဇယားများ ကောက်ယူနိုင်ရေး၊ မြေယာကိစ္စရပ်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ မြန်ဆန်စွာဆောင်ရွက်ပေးနိုင် ရေးနှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ကချင်ပြည်နယ်အတွင်း ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဧပြီလမှ ဇွန်လ ၅ ရက်နေ့အထိ ခရိုင်အလိုက် IDPs စခန်းပေါင်း ၇၈ ခု၊ အိမ်ထောင်စု (၈၀၅၉)စု၊ လူဦးရေ ၄၂၄၈၄ ဦးရှိရာ မြစ်ကြီးနားခရိုင်အတွင်းရှိ စခန်း (၄)ခုပိတ်သိမ်းနိုင်ခဲ့ပြီး အိမ်ထောင်စု (၇၂၁)စု၊ လူဦးရေ ၃၈၃၈ ဦးတို့အား ပြန်လည်နေ ရာချထားပေးနိုင်ခြင်း၊ ယာယီတိုက်ပွဲရှောင်စခန်း (၂၂)ခု၊ အိမ်ထောင်စု (၁၂၅၈)စု၊ လူဦးရေ ၆၀၉၅ ဦးရှိသည့်အနက် စခန်း (၁)ခုပိတ်သိမ်းနိုင်ခဲ့ပြီး အိမ်ထောင်စု (၁၈)စု၊ လူဦးရေ (၈၁)ဦးတို့အား ပြောင်း ရွှေ့နေရာချထားပေးနိုင်ခဲ့ကြောင်းနှင့် ဆက်လက်၍လည်း အိမ်ထောင်စုများအနေဖြင့် နေရပ်ကျေးရွာ များသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်မှုများ ရှိနေကြောင်း သိရှိရသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့နံနက် ၈ နာရီခွဲကလည်း မြစ်ကြီးနားမြို့နယ်အတွင်းရှိ IDPs စခန်း (၄)ခုမှ မူလကျေးရွာများသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြ မည့် အိမ်ထောင်စုများအား တပ်ကုန်းရပ်ကွက် နှစ်ခြင်း IDP စခန်း၌ သွားရောက်တွေ့ဆုံအားပေး ထောက်ပံ့ခဲ့သည်။

ထို့သို့ သွားရောက်တွေ့ဆုံအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်က လုံခြုံရေးအခြေအနေအရ မူလနေရပ်ကျေးရွာများကို စွန့်ခွာကာ ယာယီခိုလှုံရာစခန်းများတွင် (၁၀)စုနှစ်ကျော်ကြာ အခက်အခဲ များကို ရင်ဆိုင်ရင်းနေထိုင်ခဲ့ကြရပါကြောင်း၊ ယနေ့ မူလနေရပ်ကျေးရွာများသို့ ပြန်လည်ရွှေ့ပြောင်း နေထိုင်ကြမည်ဖြစ်သည့်အတွက် မိမိတို့၏ ဘဝရပ်တည်မှု တည်ငြိမ်ခိုင်မာစေရေး အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် အတူတကွ ဝိုင်းဝန်းကြိုးစားကြရန် လိုအပ်ပါကြောင်း၊ ထို့အပြင် မိမိတို့အစိုးရအဖွဲ့ အနေဖြင့် လတ်တလောစားသောက်မှုအဆင်ပြေစေရေး ထောက်ပံ့ပေးအပ်ခြင်းဖြစ်သလို နေထိုင်ရာ ကျေးရွာများတွင်လည်း မိသားစုများ၏ ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်များကို ဆက်လက်ပံ့ပိုး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အားပေးပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးတို့က တပ်ကုန်းနှစ်ခြင်းစခန်းနှင့် ဒူကထောင်ရပ်ကွက် နယ်မြေ (၄)၊ နယ်မြေ(၅)၊ နယ်မြေ (၁၄)စခန်းတို့မှ မူလနေရပ်ကျေးရွာများဖြစ်သည့် မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာ၊ ဝိုင်းမော်မြို့နယ် အောင်ဂျာ‌၊ ဒဘတ်ယန်၊ မလန့်ယန်၊ ဂါးရာယန်ကျေးရွာများ၊ မိုးမောက်မြို့နယ် နားလုံကျေးရွာနှင့် ဖားကန့်မြို့နယ် ကံဆီးကျေးရွာများသို့ ပြန်လည်ရွှေ့ပြောင်းနေ ထိုင်ကြမည့် အိမ်ထောင်စု (၂၁)စု၊ လူဦးရေ ၁၂၈ ဦးတို့အတွက် ပြည်နယ်အစိုးရအဖွဲ့မှ ဆန် (၁)အိတ်၊ ဆီ (၁)ပိဿာစီဖြင့် စုစုပေါင်း တန်ဖိုးငွေကျပ် ၁၈၂၇၀၀၀ ကျပ်နှင့် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ဆန်ရိက္ခာ (၁) လစာ၊ ပြောင်းရွှေ့စရိတ် (၁)သိန်းစီ၊ ကယ်ဆယ်ရေးပစ္စည်းများဖြင့် စုစုပေါင်းတန်ဖိုးငွေကျပ် ၄၄၄၅၈၇၁ ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။

ပြည်နယ်ပြန်/ဆက်