ဝိုင်းမော် ဇွန် ၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းနှင့် တွဲဖက်၍ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသင်တန်း ကျောင်းကို ဇွန်လ (၁) ရက် နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမူကို သက်ဆိုင်ရာ တာဝန်ရှိသူများက ယနေ့ နံနက် ၁၀ နာရီက လှည့်လည်ကြည့်ရှုခဲ့ကြသည်။
သင်တန်းကျောင်းတွင် ဝိုင်းမော်မြို့နယ်အတွင်းရှိ Grade-9 အောင်မြင်ပြီးသော ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သင်ကြားလျက်ရှိပြီး စက်မှုနည်း ပညာဘာသာရပ်တွင် ကျောင်းသား ကျောင်းသူ (၅၈) ဦး၊ စိုက်ပျိုးရေးပညာ ဘာသာရပ်တွင် ကျောင်းသား (၁၆) ဦး၊ ကျောင်းသူ (၁၄) ဦး၊ စုစုပေါင်း (၃၀) ဦးနှင့် မွေးမြူရေးပညာ ဘာသာရပ်တွင် ကျောင်းသား (၁၄) ဦး၊ ကျောင်းသူ (၁၆)ဦး၊ စုစုပေါင်း (၃၀) ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၄၅)ဦးတို့ကို စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးနည်းပြ (၆)ဦးနှင့် ဘာသာရပ်သင် ဆရာ/ဆရာမ (၁၀) ဦးတို့က စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စက်မှု၊ စိုက်ပျိုးရေး၊မွေး မြူရေးအထက်တန်းကျောင်းကို Grade–9 အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူမည်သူမဆို တက်ရောက်သင်ကြားနိုင်ပြီး (၃)နှစ် တက်ရောက်ရမည် ဖြစ်ကြောင်း၊ သင်တန်းဆင်း အောင်လက်မှတ်ရရှိပါက သက်ဆိုင်ရာဌာန အသီးသီးသို့ အလုပ် လျှာက်ထားနိုင်ခြင်း ပုဂ္ဂလိက လုပ်ငန်းများသို့ လုပ်ငန်းဝင်ရောက်နိုင်ခြင်း၊ ထူးချွန်စွာအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သက်ဆိုင်ရာ ဘာသာရပ်အလိုက် တက္ကသိုလ်များ သိပ္ပံ ကျောင်းများသို့ ဆက်လက်တက်ရောက် ပညာသင်ကြားနိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရ သည်။
မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရပ်များကို အခြေခံပညာ အထက်တန်းကျောင်းနှင့် တွဲဖက်သင်ကြားမည့် ကျောင်းပေါင်း (၅၁) ကျောင်း ဖွင့်လှစ်ထားပြီး ကချင်ပြည်နယ်အတွင်း (၃)ကျောင်း ဖွင့်လှစ်လျက်ရှိရာ ဝိုင်းမော်မြို့နယ်တွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ဝန်း၌ အေးချမ်းစွာပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ဖြူစင်