လွယ်ဂျယ် ဇွန် ၅
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မိုးရာသီလမ်းဘေးဝဲယာ သစ်ပင်စိုက်ပျိုးခြင်းကို ဇွန် ၅ ရက် နံနက် ၉ နာရီက လွယ်ဂျယ်မြို့ သကျမာရဇိန်တောင်ပေါ်ကျောင်း (လွယ်ဂျယ်−ထန်းည) လမ်း တွင်စိုက်ပျိုးခဲ့ကြသည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် မြို့အုပ်ချုပ်ရေးမှူး ဦးယဉ်မင်းထွန်းနှင့်ဌာနဆိုင်ရာဝန်ထမ်းများ ရှေ့တန်းအမှတ် (၁၄၂) မှ တပ်ရင်းမှူးဒုတိယဗိုလ်မှူးကြီးဟန်မင်းထွန်းနှင့်၊ တပ်ရင်းတပ်ဖွဲ့များ၊ မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက ချယ်ရီပျိုးပင် (၂၀၀) ကို လမ်းဘေးဝဲယာ၌ စိုက်ပျိုးခဲ့ကြသည်။
လွယ်ဂျယ်မြို့ သစ်တောဦးစီးဌာနအနေဖြင့် မိုးရာသီ၌သစ်ပင်စိုက်ပျိုးပွဲတော်ကို နှစ်စဉ်ဆောင်ရွက်လျက်ရှိပြီး ပြည်သူများ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များအတွက် ပျိုးပင်များ ဖြန့်ဝေနိုင်ရေးအတွက်ပျိုးပင်များ ပြုစုပျိုးထောင်ထားရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
လွယ်ဂျယ် (ပြန်/ဆက်)