ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ

ဗန်းမော် ဇွန် ၅

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အောင်တံခွန်ခန်းမ၌ဗန်းမော်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်ရွှေကူမြို့နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ဇွန် ၅ ရက် နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်ကနှစ်စဉ်နှစ်တိုင်း ဇွန်လ(၅)ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ်သတ်မှတ်ထားပါကြောင်း ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဆောင်ပုဒ်မှာ “ပလတ်စတစ်ညစ်ညမ်းညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့” ဖြစ်ကြောင်း၊ ယခုနှစ်ဆောင်ပုဒ်နှင့်အညီ မိမိတို့ နေထိုင်သည့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများနှင့် ပြည်သူများပူးပေါင်း၍ ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောခဲ့သည်။

ထို့နောက် ဗန်းမော်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မို့မို့ချစ်ကကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဖြစ်ပေါ်လာပုံနှင့် အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပညာပေးဗီဒီယို များဖြစ်သည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres (အန်တိုနီရို ဂူတာရက်စ်) နှင့် UNEP မှ အမှုဆောင်ဒါရိုက်တာ Inger Andersen (အန်ဂါ အန်ဒါဆန်) ၏ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်သဝဏ်လွှာမှတ်တမ်း ဗီဒီယိုပြသခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရုံးချုပ်မှပေးပို့သည့် အသိပညာပေးဗီဒီယိုပြသခြင်း၊ ကချင်ပြည်နယ်အဆင့် သန့်ရှင်း၍စိမ်းလန်း စိုပြေသောကျောင်းဆု မူလတန်းအဆင့်တွင် ပထမဆုရရှိခဲ့သည့် (မူလွန်၊ အောင်သာ) ကျောင်း၏ဗီဒီယိုမှတ်တမ်းများပြသခဲ့ပြီး ကချင်ပြည်နယ်အဆင့် သန့်ရှင်း၍စိမ်းလန်း စိုပြေသောကျောင်းဆုရရှိခဲ့သည့် မူလတန်းအဆင့်တွင်မူလွန်၊ အောင်သာကျောင်း၊ အလယ်တန်းအဆင့်တွင် ဒုတိယဆုရရှိခဲ့သည့် အ.လ.က(၁)ကျောင်းနှင့် အထက်တန်းအဆင့်တွင်ဒုတိယဆုရရှိခဲ့သည့် အ.ထ.က(၁)ကျောင်းတို့အား ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဌက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ရာသက်ဆိုင်ရာဆရာမများကလက်ခံရယူ ခဲ့သည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် မံရေးစံပြကျေးရွာအား ကချင်ပြည်နယ်ကိုယ်စားပြုအနေဖြင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သောနေရာဒေသဆုအတွက် အမျိုးသားအဆင့်တွင်သွားရောက်ယှဉ်ပြိုင်ခဲ့သည့်အတွက် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းနှင့် ၂၀၂၃ ခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများတွင် ထူးချွန်ဆုများရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများကို ဌာနဆိုင်ရာတာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)