ပူတာအို ဇွန် ၅
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက ပူတာအိုမြို့ အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွေးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတူးခေါင်က ကမ္ဘာ့ကုလသမဂ္ဂပတ်ဝန်းကျင်ဆိုင်ရာ အစီအစဉ်မှ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ကမ္ဘာ့ပတ် ဝန်းကျင်ထိန်းသိမ်းရေးနေ့ သဝဏ်လွှာကို ဖတ်ကြားသည်။
ဆက်လက်၍ အခမ်းအနားတက်ရောက်လာသည့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ကျောင်းဆရာ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဗီဒီယိုမှတ်တမ်းကို ကြည့်ရှုအားပေးခဲ့ကြပြီး ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းညွှန့်၊ မြို့နယ်ပညာရေးမှူး ဦးဝင်းဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်ကျော်လွင်တို့က ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အနေဖြင့် ကျင်းပခဲ့သော အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲ၊ မူလတန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ အထူးဆုနှင့် နှစ်သိမ့်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုငွေ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ၂၀၂၃ ခုနှစ် ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီမြှင့်ခဲ့ကြသည်။
အဆိုပါ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ နံရံကပ်စာစောင်များ၊ ဓာတ်ပုံပြပွဲများ၊ စာအုပ်စာစောင် ပြပွဲများပြသခဲ့ကြပြီး အခမ်းအနား တက်ရောက်လာသူများအား ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်လက် ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို “ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေ ရှင်းဆောင်ရွက်စို့” ဆောင်ပုဒ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး နေ့စဉ်လူနေမှုဘဝတွင် ကြွပ်ကြွပ်အိတ်အပါ အဝင်တစ်ခါသုံး ပလတ်စတစ်ပစ္စည်းများ၊ ပလတ်စတစ်အိတ်များကို အတတ်နိုင်ဆုံးလျော့ချ သုံးစွဲခြင်း၊ ပြန်လည် အသုံးပြုခြင်း၊ ပြန်လည်ပြုပြင်သုံးစွဲခြင်းနှင့် ပလတ်စတစ် စွန့်ပစ်အမှိုက်များကို စနစ်တကျခွဲခြားစွန့်ပစ်ခြင်းစသည့် နည်းလမ်းများကို အသုံးပြုပြီး ပလတ်စတစ် ညစ်ညမ်းမှုကို ထိရောက်စွာ တိုက်ဖျက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်