မြစ်ကြီးနား ဇွန် ၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ သီးနှံစိုက်ဧကများပေါ်တွင် သီးထပ်သီးညှပ်စိုက်ပျိုးနိုင်ရေး၊ လယ်ယာမြေဥပဒေဆိုင်ရာကိစ္စရပ်များ အသိပေးရှင်းလင်းဆွေးနွေးခြင်းနှင့် ပြည်နယ်အတွင်း သီးနှံစိုက်ပျိုးရေး စံပြစိုက်ကွက်တစ်ခု အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်နယ်အစိုးရအဖွဲ့၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့နိုင်ငံတော်အစိုးရအနေဖြင့် စိုက်ပျိုးရေးကို အသက်မွေးဝမ်းကျောင်းအနေဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် တောင်သူများ၏ လယ်ယာမြေများပေါ်တွင် သီးထပ်စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးသီးနှံတိုးတက်လာရုံသာမက တောင်သူ များ၏ လူမှုစီးပွားဘဝပိုမိုတိုးတက်မြင့်မားလာစေရေး တွန်းအားပေးဆောင်ရွက်လျက်ရှိသည့်အပြင် တောင်သူများ၏ လိုအပ်ချက်များဖြစ်သည့် စိုက်ပျိုးရေရရှိရေး၊ မျိုးကောင်းမျိုးသန့်မျိုးစေ့များ၊ ကုန်ထုတ်လမ်းများ၊ ဈေးကွက်နှင့် စိုက်ပျိုးစရိတ်လုံလောက်မှုရှိစေရေး အကောင်းဆုံးဖြည့်ဆည်းဆောင် ရွက်ပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ လယ်ယာမြေများပေါ်မှ အကျိုးများစွာရရှိခံစားလျက်ရှိသည့် တောင်သူများအနေဖြင့် ဥပဒေနှင့်အညီ စိုက်ပျိုးလုပ်ကိုင်ခွင့်ပြုထားမှုအပေါ် အကျိုးရှိစွာ စိုက်ပျိုးလုပ် ကိုင်ကြရေး အလေးအနက်ထားမှာကြားလိုပါကြောင်း၊ ထို့အပြင် စိုက်ပျိုးမြေများ လျော့နည်းဆုံးရှုံး လာသည်နှင့်အမျှ ဒေသတွင်းဝမ်းစာဖူလုံမှုမှာလည်း လျော့နည်းလာမည်ဖြစ်သည့်အတွက် လယ်ယာ မြေများကို အခြားနည်းအသုံးပြုခွင့်မရှိစေရေး ဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်သွားမည့်နည်းလမ်းများကို ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း မှာကြား သည်။
ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြစ်ကြီးနားခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ ပြည်နယ်ဥပဒေချုပ်ရုံး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ ပြည်နယ်ဦးစီးမှူးများက သီးထပ်သီးနှံစိုက်ပျိုးရေးအတွက် မျိုးကောင်းမျိုးသန့်၊ သွင်းအားစုများနှင့် စိုက်ပျိုးရေးရရှိရေးအတွက် ဆောင်ရွက်ထားရှိသည့် အစီအမံများ၊ မြစ်ကြီးနားမြို့ဧက ၁၀၀ စံပြစိုက်ကွက်အတွင်း အင်ဂျန်းခချောင်းတစ်လျှောက် ကွန်ကရစ်လူသွားလမ်းနှင့် လမ်းဘေးဝဲ/ယာ အလှပန်းပင်များဖြင့် ဆောင်ရွက်သွားမည့်အစီအမံများ၊ လယ်ယာမြေဥပဒေနှင့်စပ်လျဉ်း၍ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ လိုက်နာရမည့် စည်းကမ်းများနှင့် ပြစ်မှုပြစ်ဒဏ်များ၊ လယ်ယာမြေများပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဆောင်ရွက်နေမှုများအပေါ် အရေးယူဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် မြေယာဥပဒေနှင့်စပ်လျဉ်း၍ သိသင့်သိထိုက်သည်များကို အသီးသီးတင်ပြဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ဒေသခံတောင်သူများက သီးထပ်သီးညှပ်များ စိုက်ပျိုးနိုင်ရေးအတွက် သွင်းအားစုလိုအပ်ချက်များ၊ လယ်ယာမြေနှင့်ပတ်သက်သည့် ဥပဒေလုပ်ထုံးလုပ်နည်းများအပေါ် သိရှိလိုသည်များနှင့်စပ်လျဉ်း၍ မေးမြန်းဆွေးနွေးကြရာ ဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၏ စားရေရိက္ခာဖူလုံစေရေး စိုက်ဧကများပေါ်တွင် ရာသီအလိုက် သီးထပ်သီးနှံများ တိုးမြှင့်စိုက်ပျိုးနိုင်ရေး၊ လယ်ယာမြေများ လျော့နည်းပပျောက်မှုမရှိစေရေးနှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
အလားတူ နံနက် ၇ နာရီခွဲက ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့အား သန့်ရှင်းသပ်ရပ်ပြီး အမှိုက်ကင်းစင်သော မြို့ပြတစ်ခုဖြစ်လာစေရေး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့သည် ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက ဒူကထောင်ရပ်ကွက်၊ မြစ်ကြီးနားဂေါက်ကလပ်ရှေ့တွင် စုရပ်ပြုလုပ်၍ ဆွမ်ပရာဘွမ်လမ်းမတစ်လျှောက် လမ်းဘေး ဝဲ/ယာများနှင့် ပြည်သူ့ဆေးရုံဝင်းအတွင်း ကလေးကုသဆောင်နှင့် အရိုးအထူးကုဆောင်နောက်တို့တွင် သစ်ပင်၊ ခြုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်း၊ ပလပ်စတစ်အမှိုက်များ ကောက်ယူစွန့်ပစ်ခြင်းနှင့် ရေနှုတ်မြောင်းတစ်လျှောက် ရေစီးရေလာ ကောင်းမွန်အောင်တူးဖော်ရှင်းလင်းခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ပြည်သူ့အားကစားကွင်းအတွင်း မိုးလုံလေလုံခန်းမ၌ ၂၀၂၃ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသက်(၁၈)နှစ်အောက် ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်မည့် ကချင်ပြည်နယ်ကိုယ်စားပြု လက်ရွေးစင်ဘောလုံးအသင်းအား သွားရောက်တွေ့ဆုံအားပေးသည်။
ထို့သို့ တွေ့ဆုံအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်မှ အားကစားသမားများသည် နိုင်ငံ့ကိုယ်စားပြုမြန်မာ့လက်ရွေးစင်အဖြစ် အရှေ့တောင်အာရှနှင့် အာရှအားကစားပြိုင်ပွဲများတွင် ဘောလုံး၊ ရေကူး၊ မာရသွန်အပြေးနှင့် ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရရှိခဲ့သည့် သမိုင်းကောင်း အစဉ်အလာများရှိခဲ့ပါကြောင်း၊ ယနေ့အသက် (၁၈)နှစ်အောက် ဘောလုံးပြိုင်ပွဲသို့ သွားရောက်ယှဥ်ပြိုင်မည့် ပြည်နယ်လက်ရွေးစင်ဘောလုံးအသင်းအနေဖြင့် ရှေးအစဉ်အလာကောင်းများကို နမူနာယူပြီးတရားသောယှဉ်ပြိုင်ခြင်းဖြင့် အောင်မြင်မှုများရရှိရေး မလျော့သောဇွဲ၊ လုံ့လတို့ဖြင့်ကြိုးစားအားထုတ်ယှဉ်ပြိုင်ကြရန်နှင့် နိုင်ငံတော်နှင့် ပြည်နယ်၏ ဂုဏ်ကို အားကစားဖြင့် မြှင်တင် ကြရန်လိုကြောင်း အားပေးတိုက်တွန်းသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အသင်းအုပ်ချုပ်သူ၊ နည်းပြနှင့်အားကစားသမားများထံ အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေကျပ် (၁၅)သိန်းကို ပေးအပ်ကာ အလှူရှင်များက လှူဒါန်းသည့် လှူဒါန်းငွေစုစုပေါင်း ကျပ်သိန်း(၆၉)ကျော်အား လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရာ အသင်းနည်းပြတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)