ဖားကန့် ဇွန် ၂
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်အတွင်း အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်း စုစုပေါင်း (၆၈)ကျောင်းကို ဇွန်လ(၁)ရက်မှ စတင်ဖွင့်လှစ်ရာ ကျောင်းသား/ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ စတင်ပညာသင်ကြားလျက်ရှိသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာနမှ အထက်တန်းနှင့် အလယ်တန်းအဆင့်တို့ကို ကျောင်းသုံးပြဌာန်းပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် မူလတန်းကျောင်းအဆင့်အား ကျောင်းသုံးပြဌာန်းပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံနှင့်ကျောင်းဝတ်စုံများကို ကျောင်းသား၊ ကျောင်းသူတို့ အား အခမဲ့ထုတ်ပေးခဲ့ကြောင်း သိရသည်။
ဖားကန့်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း (၆၈)ကျောင်းဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား/ကျောင်းသူဦးရေ (၂၁၈၀၆)ဦး၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်း (၃)ကျောင်း ကျောင်းသား၊ ကျောင်းသူ ဦးရေ (၁၄၅၃)ဦး၊ ကိုယ်ပိုင်ကျောင်း (၈)ကျောင်း ကျောင်းသား၊ ကျောင်းသူ ဦးရေ(၉၁၃)ဦး၊ အဆိုပါကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၄၁၇၂)ဦး အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ယခင် (၂၀၂၂-၂၀၂၃) ပညာသင်နှစ်တွင် ဖားကန့်မြို့နယ်၌ အခြေခံပညာကျောင်းပေါင်း (၆၀)ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၀၉၈၉)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်