ပန်နန်းဒင် ဇွန် ၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်၊ ပန်နန်းဒင်မြို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်ပြီးစီးခဲ့သည့် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက ပန်နန်းဒင်မြို့ အခြေခံပညာအထက်တန်း ကျောင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပန်နန်းဒင်မြို့ ခရစ်တော်၏အသင်းတော် သင်းအုပ်ဆရာကြီး ဇကွန်းဂျောင်ဆားရ်က ကျောင်းဆောင်သစ်အား ဆုတောင်းအပ်နှံပြီး နောင်မွန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနမ်ရဲမင်၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ဇေယျ၊ မြို့နယ်လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်း မြို့နယ်လျှပ်စစ်မှူး ဦးအောင်မင်းထွန်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နောင်မွန်မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး မြို့နယ်ဦးစီးမှူး ဦးကျော်စွာမျိုး၊ အ.ထ.က(ပန်နန်းဒင်) ကျောင်းအုပ် ဆရာကြီး ဦးထွန်းရွှေတို့က ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
အခမ်းအနားတွင် နောင်မွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနမ်ရဲမင်က အဖွင့်အမှာစကားပြောကြားပြီး အ.ထ.က(ပန်နန်းဒင်) ကျောင်းအုပ်ဆရာကြီးက ကျောင်းဆောင်သစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းနှင့် မှတ်တမ်းများအား လွှဲပြောင်းပေးအပ်ရာ ပန်နန်းဒင်မြို့ မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမိုင်ဆန်ရမ်က လက်ခံရယူသည်။
အဆိုပါကျောင်းဆောင်သစ်အား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် သန်းပေါင်း(၁၄၀.၄)သန်းဖြင့် အလျား ၁၂၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၂ ပေ Steel Structure တစ်ထပ်အမျိုးအစားကို မိဘကော်မတီ ကျောင်းအုပ်ဆရာကြီး ဦးထွန်းရွှေမှ တာ၀န်ယူ ဆောက်လုပ်ပြီးစီးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ပန်နန်းဒင်(ပြန်/ဆက်)