ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့နယ်အတွင်း စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းဖွင့်ပွဲနှင့် IDPs စခန်းများမှ နေရပ်ကျေးရွာများသို့ ပြန်လည် ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စုများ သွားရောက်တွေ့ဆုံအားပေးထောက်ပံ့

ဝိုင်းမော် ဇွန် ၂

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ ဝိုင်းမော်မြို့ အမှတ်(၁) အခြေခံပညာကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် စတင်ဖွင့်လှစ်သည့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်း ကျောင်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက အဆိုပါ‌ကျောင်းအဝင်မုခ်ဦး၌ ကျင်းပ ပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက အထက်တန်းကျောင်းဖွင့်ပွဲ ဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး ဘင်ခရာ၊ ပန်းပွား၊ အေရိုးဗစ်အဖွဲ့များ၏ ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် ဖွင့်ပွဲအခမ်းအနားကို ကျောင်းအုပ်ရုံးခန်း၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြရာ ကျောင်းသား/ ကျောင်းသူလေးများက “တို့ကျောင်းတော်” တေးသီချင်း သီဆို ဖွင့်လှစ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး ရေကောင်း၊ မြေကောင်းများစွာ ရှိသော်လည်း နည်းပညာပိုင်း အားနည်းနေသည့်အတွက် ယခုလိုကျောင်းများ ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ ဒါ့အပြင် ကျောင်းသား/ ကျောင်းသူများ အလုပ်အကိုင်အခွင့်အလမ်းများရရေး၊ တစ်နိုင် တစ်ပိုင် စီးပွားရေး လုပ်ငန်းများ ကိုလည်း လုပ်ကိုင်တတ်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် မိမိတို့ဝါသနာပါရာ ရွေးချယ်ထားသောလမ်းကြောင်းကို ထိပ်ဆုံး ထိရောက်အောင် လျှောက်လှမ်းသွားရန် လိုအပ်ပါကြောင်း၊ မိဘများအနေဖြင့်လည်း သားသမီးများ၏ လက်တွေ့ဘဝတွင် အကျိုးဖြစ်ထွန်းစေသည့် ဝါသနာပါရာရွေးချယ်မှုကို အားပေး ကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ပြည်နယ်ပညာရေးမှူး ဦးခင်မောင်ထွေးက စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းနှင့် ပတ်သက်သည်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က စက်မှု  ကျောင်းသား/ ကျောင်းသူ (၈၅)ဦး၊ စိုက်ပျိုးရေး ကျောင်းသား/ကျောင်းသူ (၃၅)ဦးနှင့် မွေးမြူရေး ကျောင်းသား/ကျောင်းသူ (၂၇)ဦးတို့အတွက် ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်နှင့် သင်ထောက်ကူပစ္စည်း များလည်းကောင်း၊ ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ခဲ့ကြသော ဘင်ခရာ၊ ပန်းပွား၊ အေရိုးဗစ်အဖွဲ့၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များအတွက် ထောက်ပံ့ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ရာ ကျောင်းသား/ကျောင်းသူလေးများက “မြန်မာ့ကျောင်း’တေးသီချင်းသီဆိုပြီး အခမ်းအနားကို ရုပ်သိမ်းလိုက် သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အထက်တန်းကျောင်း စာသင်ခန်းများအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး သင်ထောက်ကူပစ္စည်းများ၊ သင်ကြားပို့ချသွားမည့် ဘာသာရပ် များနှင့် စပ်လျဉ်း၍ ခင်းကျင်းပြသထားရှိမှုများကို လည်းကောင်း၊ ကျောင်းဝင်းအတွင်း၌ စိုက်ပျိုး ရေးဘာသာရပ်အတွက် ကျောင်းသား/ ကျောင်းသူများအား လက်တွေ့နည်းစနစ်ကျစိုက်ပျိုးနိုင်ရေး သင်ကြားသွားမည့်ရာသီပေါ်သီးနှံ/နှစ်ရှည်သီးနှံ စိုက်ခင်းများ ဆောင်ရွက်ထားရှိမှုတို့ကိုလည်းကောင်း လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာ၊ မိုင်းနား ဖွံ့ဖြိုးရေးခြံ IDP စခန်း၌ ဝိုင်းမော်မြို့နယ်အတွင်းရှိ IDPs စခန်းများမှ နေရပ်ကျေးရွာများသို့ ပြန်လည် ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စု (၂၂၉)စု၊ လူဦးရေ (၁၃၁၂)ဦးတို့နှင့် သွားရောက်တွေ့ဆုံသည်။

ထို့သို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အစိုးရအဖွဲ့အနေဖြင့် နေရပ်ပြန်လည် ရွှေ့ပြောင်းနေထိုင်နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အဖွဲ့အစည်း အသီးသီးနှင့် ပူးပေါင်းချိတ်ဆက်၍ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် နေရပ်ပြန်အိမ်ထောင်စုများနှင့် တစ်သားတည်း ရှိနေသကဲ့သို့ ရွှေ့ပြောင်းနေထိုင်ကြသည့် ကျေးရွာများတွင်လည်း လိုအပ်ချက်များကို အတတ်နိုင်ဆုံး နှင့် အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အားပေးပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဝိုင်းမော်မြို့နယ်အတွင်းရှိ မိုင်းနားဖွံ့ဖြိုးခြံ စခန်း၊ မိုင်းနားကတ်သလစ်(RC)စခန်း၊ သာဂရလီဆူစခန်း၊ စင်ကြိုင်စခန်း၊ အမှတ်(၂)မြို့မနှစ်ခြင်း၊ မဒိန်၊ မိုင်းနားလဝမ် စခန်းတို့မှ ဒဘတ်ယန်ကျေးရွာ၊ ဂါးရာယန်ကျေးရွာ၊ ကဇူးကျေးရွာများသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စု (၂၂၉)စု၊ လူဦးရေ (၁၃၁၂)ဦးတို့အတွက် ကချင် ပြည်နယ်အစိုးရအဖွဲ့မှ တစ်အိမ်ထောင်လျှင် ဆန်တစ်အိတ်၊ ဆီတစ်ပိဿာနှုန်းဖြင့် စုစုပေါင်းတန်ဖိုး ငွေကျပ် (၁၉၉၂၃၀၀၀)နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုးငွေ၊ ပြောင်းရွှေ့စရိတ်နှင့် ကယ်ဆယ်ရေးပစ္စည်း Kit Box များ စုစုပေါင်းပစ္စည်းနှင့် ငွေသားတန်ဖိုးကျပ် ၄၈၄၁၃၈၇၉ ဖြင့် စုစုပေါင်းငွေကျပ် ၆၈၃၃၆၈၇၉ ကျပ်ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြပြီး အိမ်ထောင်စုများကိုယ်စား ဂါးရာယန်ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကားနှင့် ကျေးရွာ များ၏ လိုအပ်ချက်များကို တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ သည်။

ပြည်နယ်ပြန်/ဆက်