မချမ်းဘောမြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံပန်းရံသင်တန်းဆင်းပွဲ ကျင်းပ

မချမ်းဘော မေ ၃၀

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်းအထောက် အကူပြုအခြေခံပန်းရံသင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာနခန်းမ၌ ကျင်းပခဲ့သည်။ 

အခမ်းအနားတွင် ပူတာအိုခရိုင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်မိုးက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် သင်တန်းသားများအနေဖြင့် ယခုသင်ယူတတ်မြောက်ထားတဲ့ အခြေခံ ပန်းရံပညာများဖြင့် မိသားစုဝင်ငွေရရှိသည့် လုပ်ငန်းသာမကဘဲ မိမိဒေသအတွက် အကျိုးပြုနိုင်မည့်လူများဖြစ်အောင် ကြိုးစားလုပ်ကိုင်ကြစေလိုကြောင်း ပြောကြားပြီးနောက် မချမ်းဘောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သက်သက်ထွန်းက သင်တန်းဆင်း ထပ်ဆင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပူတာအိုခရိုင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးက သင်တန်းဆရာနှင့် သင်တန်းသားများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး စုပေါင်းအမှတ် တရ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်းသိရှိရသည်။

အဆိုပါသင်တန်းသည် မေလ(၁၆)ရက်မှမေလ(၃၀) ရက်နေ့ အထိ (၁၅)ရက်အကြာဖွင့်လှစ်ခဲ့သော သင်တန်း ဖြစ်ကာ မချမ်းဘောမြို့နယ် နမ်ခမ်ကျေးရွာ၊ ထရန်ဒမ်းကျေးရွာနှင့် ဆင်လွမ်ဒမ်းကျေးရွာမှ ဒေသခံလူငယ်များတက်ရောက်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေမည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းဖြစ်ကြောင်း သိရသည်။

ယောရွှေနီ(မချမ်းဘော့)