မြစ်ကြီးနား မေ ၃၁
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်နယ်သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကို မေ ၃၁ ရက် နံနက် ၇ နာရီခွဲက မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း မိုးလုံလေလုံအားကစားခန်းမ အနောက်ဘက်ရှိ မြေကွက်လပ်၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ ဝန်ထမ်းများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် လူမှုကူညီရေး အသင်းအဖွဲ့များ စုပေါင်း၍ သတ်မှတ်နေရာအသီးသီးတွင် ရင်းမာပင်၊ ရေထောက်ကြံ့၊ မအူ၊ ပျဉ်းမဖြူ၊ ယမနေ၊ ရေပိတောက်စသည့် အရိပ်ရအပင်ကြီးမျိုး ၄၃၀ ကျော်ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲ တော်အတွင်း စိုက်ပျိုးထားမည့် သစ်ပင်အရေအတွက်နှင့် နေရာချထားမှုပုံစံများ၊ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်တွင် စိုက်ပျိုးဆောင်ရွက်သွားမည့်အစီအမံများကို တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြ မှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးပြီးစီးသည့်အပင်များ ရှင်သန်ကြီးထွားလာစေရေးအတွက် စောင့်ကြည့်ပြုစုပျိုးထောင်နိုင်ရေး မှာကြားပြီး စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာကြသူများ၏ သစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ ညနေ ၃ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့ အားကစားကွင်းအတွင်း ကျင်းပပြုလုပ်သည့် ပြည်နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) အမှတ် (၁၆)က ကြီးမှူးကျင်းပသည့် ဘာသာပေါင်း စုံချစ်ကြည်ရေး လူသစ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေးခဲ့သည်။
ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် One FC အသင်းနှင့် မျိုးဆက်သစ်ဘောလုံးအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို အားပေးကြည့်ရှုခဲ့ကြရာ မျိုးဆက်သစ် ဘောလုံးဘောလုံးအသင်းက ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် ၈ ဂိုး ၅ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ YMBA အသင်းတာဝန်ရှိသူများ က ဘောလုံးပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြသည့် ဌာနဆိုင်ရာများ၊ ဒိုင်လူကြီးများ၊ လူမှုကူညီရေးအဖွဲ့နှင့် အလှူရှင်များအား မှတ်တမ်းတင်ဂုဏ်ပြုလွှာများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးက နေရာအလိုက်အကောင်းဆုံး ကစားသမားဆုနှင့် ပွဲစဉ်တစ်လျှောက်အကောင်းဆုံး ကစားသမားဆုများကို လည်းကောင်း၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ပထမနှင့် ဒုတိယဆုရအသင်းများအား တစ်ဦးချင်း လည်ဆွဲဆုတံဆိပ်များကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်သယံဇာတရေးရာဝန်ကြီးက ဒုတိယဆုရအသင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေကို လည်းကောင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးက ပထမဆုရအသင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေကို လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က ပထမဆုရအသင်းအတွက် တံခွန် စိုက်ဒိုင်းဆုကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)