နောင်မွန်းမြို့၌ ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ခြင်းနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

နောင်မွန်း မေ ၃၀

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် နိုင်ငံတော်မှအခမဲ့ထောက်ပံ့‌သော ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် ဝတ်စုံများ ပေးအပ်ခြင်းနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီတွင် နောင်မွန်းမြို့နယ် အခြေခံပညာအထက်တန်း ကျောင်း ထလမ်ရာဇီခန်းမ၌ကျင်းပသည်။

အခမ်းအနားကို အ.ထ.က-နောင်မွန်း ကျောင်းသားကျောင်းသူလေးများက "မြန်မာ့ကျောင်းသား" သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးတင်ဦးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်မြင့်မြင့်ဦးက ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ပညာရေးတွက်ဆရာ၊ မိဘ၊ ကျောင်းသားများ ပါဝင်ရမည့် လုပ်ငန်းတာဝန်ဝတ္တရားများကို ရှင်းလင်း‌ဆွေးနွေးခြင်းကို လည်းကောင်း၊ ရပ်မိရပ်ဖဖြစ်သော မြို့နယ်စံမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးယုံထန်ဖုန်ရမ်က‌ ကျေးဇူးတင်စကားနှင့် နိဂုံးချုပ်အမှာစကားကို လည်း‌ကောင်း အသီးသီးပြောကြားသည်။

ထို့နောက်နိုင်ငံတော်မှ အခမဲ့ထောက်ပံ့သော ကျောင်းသုံးဗလာစာအုပ်၊ ပုံနှိပ်စာအုပ်နှင့် မူလတန်းကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံများကို မြို့နယ်ပညာရေးမှူးဆရာမကြီး ဒေါ်မြင့်မြင့်ဦးက ပေးအပ်ရာ ကျောင်းအုပ်ဆရာကြီး ဆရာမကြီးများက လက်ခံရယူခဲ့ကြသည်။ ယင်းနောက်တောင်ပေါ်ကျောင်းများမှ ဆရာမများက "ပြည်မြန်မာ" သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး အခမ်းအနားသို့ တက်ရောက်လာသူများက အမှတ်တရစုပေါင်းမှတ် တမ်းဓါတ်ပုံရိုက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ် ဆရာ/ဆရာမများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် ကျောင်းသား မိဘများ၊ ရပ်မိရပ်ဖများ(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)