ရွှေကူ ဇွန် ၁
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံကျောင်းများကို ဇွန်လ ၁ ရက်နေ့မှစတင်၍ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့ရှိ အခြေခံကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း၌ အသီးသီး စတင်ဖွင့်လှစ်သင်ကြားခဲ့ရာ ကျောင်းသား၊ ကျောင်းသူ(၁၀၈၇၅)ဦး တို့သည် သက်ဆိုင်ရာအတန်းအလိုက် သင်ခန်းစာများကို အေးချမ်းပျော်ရွှင်စွာ သင်ကြားလျက်ရှိကြောင်း သိရသည်။
ကျောင်းသားကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်း၍ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ လုံခြုံရေးတပ်ဖွဲ့များ၊ ကျောင်းကော်မတီအဖွဲ့ဝင်များ ပူးပေါင်းကာ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အခြေခံပညာ မူလတန်းအဆင့်တွင် ကျောင်းအပ်နှံသူ (၇၃၈၅) ဦး၊ အခြေခံပညာအလယ်တန်းအဆင့်တွင် ကျောင်း အပ်နှံသူ (၂၂၆၇) ဦး၊ အခြေခံပညာအထက်တန်းအဆင့်တွင် ကျောင်းအပ်နှံသူ (၁၁၄၇) ဦး၊ ကိုယ်ပိုင် အထက်တန်းကျောင်းတွင် ကျောင်းအပ်နှံသူ(၇၆)ဦးရှိပြီး ယနေ့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၀၈၇၅)ဦး တက်ရောက်ပညာသင်ကြားလျက်ရှိရာ တက်ရောက်သူ ရာခိုင်နှုန်းအနေဖြင့် ၉၈ ဒဿမ ၄၈ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)