သင့်အတွက် သစ်ပင်ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု မြဲအောင်ထိန်းသိမ်းဆောင်ပုဒ်ဖြင့် မိုးကောင်းမြို့၌ ၂၀၂၃ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

မိုးကောင်း မေ ၃၁

“သင့်အတွက် သစ်ပင်ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု မြဲအောင်ထိန်းသိမ်း” ဆောင်ပုဒ်ဖြင့် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ ပင်းခါးကျေးရွာသွားလမ်း၌ ၂၀၂၃ ခုနှစ် မိုးရာသီ အကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို မေလ(၃၁)ရက် နံနက်(၇)နာရီတွင် ပြုလုပ်ခဲ့သည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမှတ်(၇၄)မှ တပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မျောက်ငိုအပင်(၅၀)၊ ကျွန်းအပင်(၅၀)၊ ပျဉ်းကတိုးအပင်(၅၀)နှင့် တမာအပင် (၅၀)တို့အား မိုးရာသီအကြိုအဖြစ်စုပေါင်း စိုက်ပျိုးခဲ့ကြောင်း သိရသည်။

မိုးကောင်းမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ကျွန်းအပင်(၁၀၀၀)၊ ပျဉ်းကတိုးအပင် (၁၀၀၀)၊ မအူအပင်(၅၀၀)၊ တောင်တမာအပင်(၈၀၀)၊ ခရေ(၅၀၀)၊ ဂန့်ဂေါ်(၅၀၀)၊ မယ်ဇလီ(၅၀၀) ဗန်ဒါ(၁၀၀)နှင့် မဟောဂနီ(၁၀၀) စုစုပေါင်းပျိုးပင်(၅၀၀၀)ခန့်စိုက်ပျိုးထားရှိပြီး ပြည်သူလူထုထံသို့ ပျိုးပင်ပေါင်း(၁၀၀၀)ခန့်အား အခမဲ့ဖြန့်ဝေထားလျှက်ရှိကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)