ပုဗ္ဗသီရိ မေ ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးငယ်များဖိတ်ခေါ်၍ သင်္ချာစွမ်းရည်ပြိုင်ပွဲ၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ ဖတ်မှတ်စွမ်း ရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့သည်။
ပြိုင်ပွဲတွင် ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန္တာလင်းက ကလေးငယ်များ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီး ကျွမ်းဝင်မှုရှိပြီး ကျောင်းစာအပြင် ပြင်ပအသိပညာ ဗဟုသုတများ ကြွယ်ဝစေရန်၊ နှုတ်မှုစွမ်းရည်များ တိုးတက်ရန်နှင့် ကိုယ်ရည်ကိုယ်သွေးများ ကောင်းမွန် လာစေရန်ရည်ရွယ်၍ ယခုလိုပြည်သူ့ စာကြည့်တိုက်သို့ ဖိတ်ခေါ်ပြီး ပြိုင်ပွဲပြုလုပ်ပေး ခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် Book Club အဖွဲ့ဝင်များက ဦးဆောင်၍ ကလေးငယ်များအား သင်္ချာစွမ်းရည်ပြိုင်ပွဲ၊ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည် ပြိုင်ပွဲများ ပြုလုပ်ပေးခဲ့ရာ ပြိုင်ပွဲတွင်ဆုရရှိသည့် ကလေးငယ်များအား တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြင့်ပေးခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ကလေးငယ်များက ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ဝင်စားစွာ ကြည့်ရှုခဲ့သည်။
အဆိုပါ ပြိုင်ပွဲသို့ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ မိသားစုအဆင့်မြင့် မူလတန်းကြိုကျောင်းမှ ကလေးငယ် (၃၀) ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
သန္တာလင်း(ပုဗ္ဗသီရိ)