တနိုင်း ဖေဖော်ဝါရီ ၉
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယမန်နေ့ မွန်းတည့် (၁၂) နာရီခွဲ က (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဝါဦးက မြန်မာနိုင်ငံနေ့ထူးနေ့မြတ်များကို ကျောင်းသား/သူများအနေဖြင့် အစဉ်အမြဲအောက် မေ့စေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်စေရန်နှင့် စဉ်းစားတွေးခေါ်မှုအားကောင်းစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မူလတန်းအဆင့် (ဘ.က) ဘုန်းတော်ကြီးကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၀) ဦးတို့က “ပြည်ထောင်စုနေ့” ခေါင်းစဉ်ဖြင့် ကဗျာရွက်ဆို ယှဉ်ပြိုင် ကြသည်။
ထို့နောက် ဂိမ်းကစားပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများအား ဆက်လက်ကျင်းပရာ ကျောင်းသား/ကျောင်းသူများက ပျော်ပျော်ပါးပါး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲများအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားကြည့်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။
ပန်းအိ (ပြန်/ဆက်)